ဆဗီးလ်ဒါဘီပွဲတွင် Over-Head Kick ဖြင့် ဂိုးသွင်းယူပြီးနောက် ဒေါသထွက်နေတဲ့ပရိသတ်များနှင့် ပြဿနာတက်ခဲ့တဲ့ အန်တိုနီ
====================
ယူနိုက်တက်တောင်ပံကစားသမားဟောင်းအန်တိုနီဟာ တနင်္ဂနွေနေ့ညတုန်းက ဆဗီးလ်ဒါဘီပွဲစဉ်တွင် ၂-၀ ဖြင့် ဦးဆောင်ပြီးမှ ၂ ဂိုးစီသရေကျပြီးနောက် ဘက်တစ်ပရိသတ်များနှင့် အချင်းများခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် ဘရာဇီးတောင်ပံကစားသမားဟာ ဘက်တစ်ရဲ့ ဦးဆောင်ဂိုးအား လှပတဲ့ Over-Head Kick ဂိုးဖြင့် သွင်းယူနိုင်ခဲ့ပြီးနောက် သူ့အမည်ကို ဘက်တစ်ပရိသတ်များ သံပြိုင်အော်ဟစ်ခြင်းခံခဲ့ရပါတယ်။
ဘက်တစ်ဟာ ပွဲအစ ၁၅ မိနစ်တွင် အန်တိုနီရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် ပွဲချိန် မိနစ် ၄၀ တွင် ဒုတိယဂိုး ထပ်မံ ရရှိကာ ဆဗီးလ်ဒါဘီပွဲတွင် အနိုင်ရရှိရန် အခြေအနေ ကောင်းသွားခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ နည်းဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်လာမှုနှင့်အတူ ဆီဗီလာဟာ ချေပဂိုး ၂ ဂိုးပြန်လည် သွင်းယူပြီး အဖိုးတန်ရမှတ်တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။
ပွဲပြီးခရာမှုတ်ပြီးချိန်မှာတော့ ပထမပိုင်းတုန်းက ကစားသမားများကို အော်ဟစ်အားပေးခဲ့ကြတဲ့ ဘက်တစ်ပရိသတ်များဟာ ကစားသမားများကို ပစ်မှတ်ထားလာကြပါတော့တယ်။
ကစားသမားများက ပွဲအပြီးတွင် အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်သွားကြပေမယ့် အန်တိုနီကတော့ မဝင်ဘဲ ပွဲကြည့်စင်သို့ သွားရောက်ကာ ဒေါသထွက်နေတဲ့ ဘက်တစ်ပရိသတ်များကို ရင်ဆိုင်ခဲ့ပြီး အပြန်အလှန်နှုတ်ဖြင့် ပြောဆိုခဲ့ပါတယ်။
ပရိသတ်များနှင့် ပြဿနာတက်နေတဲ့ အန်တိုနီကို ကစားဖော်ကူချိုဟာနန်ဒက်ဇ်က ဝင်ဆွဲခဲ့ရသလို ကွင်းလုံခြုံရေးများနှင့် အခြားကစားသမားများလည်း ဝင်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။
အန်တိုနီယဟာ ယူနိုက်တက်မှ ရောက်လာပြီးနောက် ဘက်တစ်အတွက် ၅၇ ပွဲကစားထားရာမှာ ဂိုး ၂၀ သွင်းယူပြီး ၁၄ ကြိမ် ဖန်တီးထားနိုင်မှုနှင့်အတူ အန်ဆယ်လော့တီရဲ့ ဘရာဇီးကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်ရန် သေချာသလောက် ရှိနေသူလည်း ဖြစ်ပါတယ်။
လာလီဂါအမှတ်ပေးဇယားအဆင့် ၅ နေရာတွင် ရပ်တည်နေတဲ့ ဘက်တစ်ဟာ မတ်လ ၈ ရက်နေ့တွင် ဂီတာဖေးနှင့် ရင်ဆိုင်ကစားရပါမယ်။