မော်လမြိုင်မှာ အိမ်မီးလောင်ပြီး အသက်ကြီးပိုင်း အဖေနဲ့အမေ သေဆုံးကာ သမီးဖြစ်သူဒဏ်ရာရ
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဈေးကြိုနယ်မြေ၊ TTCကျောင်းလမ်း ၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီ မတ် ၂ ရက်နေ့ ၊ မနက်အစောပိုင်း ၂ နာရီ ခွဲလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာသေဆုံးသူတွေက အသက်ကြီးပိုင်းအရွယ် အဖေနဲ့အမေတို့ ဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၂၈ နှစ်အရွယ် သမီးဖြစ်တယ်လို့ သိရပါတယ်။
" အဘိုးနဲ့အဘွားက အခန်းတခန်း အိပ်တာ ။ သူတို့ သမီးက သပ်သပ်အိပ်တာ ။ အဲဒါညက ၁ နာရီကျော်လောက်မှာ အဘိုးက ရေနွေးအိုးထတည်တာကိုတော့ သမီးကကြားလိုက်တယ်ပြောတယ်။ ပြီးတော့ အဘိုးကလည်း ရေနွေးအိုးတည်ပြီး မေ့ပြီးပြန်အိပ်ပျော်သွားတယ်ထင်ပါတယ်။ ရေနွေးအိုးက အပူလွန်ကဲပြီး အောက်က ကွိုင်ကိုလောင်ပြီး အခန်းထဲက အဝတ်အစား၊ မွေ့ယာတွေ၊ ခြင်ထောင်တွေ ကို ကူးပြီး အဘိုးနဲ့အဘွားပါ မီးလောင်ဆုံးသွားတာပါ။ အဘိုးနဲ့အဘွားအခန်းထဲမှာက ဒယ်နီအိုး ၊ပေါင်းအိုး ၊ ရေနွေးအိုးတွေထားပေးထားတယ်သိရတယ်။ အဘိုးနဲ့အဘွားက အသက်လဲ ကြီးနေပါပြီး ၇၀ ကျော်တွေလို့သိရတယ်။ " လို့ မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။
လက်ရှိမှာ မီးလောင်မှုအတွင်းသေဆုံးခဲ့တဲ့ အဖေ၊ အမေ ရုပ်အလောင်း နဲ့ ထိခိုက်ဒဏ်ရာရရှိသူ သမီးဖြစ်သူတို့ကို မော်လမြိုင် ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ၊ သမီးဖြစ်သူမှာ ညာဘက်လက်နဲ့ ကျောပြင်ဘက်ခြမ်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
မီးလောင်မှုကိုတော့ စခန်းတွေမှ မီးငြိမ်းသတ်ယာဉ် နဲ့ ရေသယ်ယာဉ်တွေနဲ့အတူ ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တို့က. ပူးပေါင်းဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာ ဖြစ်ကြောင်း ၊ မနက် ၂ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ ၊ မနက် ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ရွာမှာ
မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၆၀ လောက် မီးလောင် ပြာကျ ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဒိုဘီချောင်ဝင်းအတွင်းမှာလည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် လေးလုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။