ကသာဒေသခံတွေ အိမ်ပြန်ချင်လို့ တောင်းဆိုနေကြပေမယ့် ပြပြန်ခွင့်မရ

ကသာမြို့ဒေသခံတွေဟာ နေရပ်ပြန်ခွင့်ရဖို့ဆိုရှယ်မီဒီယာကနေ တောင်းဆိုနေကြပေမယ့် ​ပေါမမြိုင်နဲ့ သာစည်နားမှာ ရှိ​နေတဲ့ ​ဒေသတွင်းလက်နက်ကိုင်တွေက မြို့ဝင်လမ်းကြောင်းကို တားဆီးနေတဲ့အတွက် ပြန်လှည့်လာရတာ
ကြုံတွေ့နေရပါတယ်လို့ မြို့ပြန်ဝင်ဖို့ကြိုးစားနေသူတွေဆီကနေ သိရပါတယ်။

အဲဒါအပြင်၊ မြို့ပြင်ဘက်ကနေ မြို့တွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ရမ်းသမ်းပစ်လို့ ဖေ​ဖော်ဝါရီ(၂၅)ရက် နေ့လယ်ပိုင်းက စေတနာခန်းမရှေ့ဝင်ပေါက်မှာ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာတွေ၊ ဖေဖော်ဝါရီလ(၂၂)ရက်က ရပ်ကွက်(၉) ဗလီအနီး နေအိမ်အလုံး(၃၀)နီးပါးမီးလောင်တာ၊ ​ဖေ​ဖော်ဝါရီ(၂၀) ကလည်း ရပ်ကွက်(၅) (၁)လမ်းနေထိုင်သူ အမျိုးသားတဦး ထိမှန်သေဆုံးတာ​တွေ ​ဖြစ်ခဲ့တယ်လို့ မြို့ထဲကျန်​နေသူ​တွေက ​ပြောပါတယ်။

မြို့ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ကျန်ခဲ့တဲ့လူတွေက သက်ကြီးပိုင်းတွေ၊ လုံးဝသွားစရာလာစရာမရှိသူ‌တွေ၊ စစ်​ရှောင်စရိတ် မတတ်နိုင်တဲ့သူတွေနေထိုင်ကြတာလို့လည်း ​ပြောပါတယ်။

" လူတွေရှိနေတာသိလျက်နဲ့ ရှော့တိုက်ဒုံးတွေနဲ့ရမ်းသမ်းပစ်နေတာတော့မဖြစ်သင့်ဘူး။ကျွန်တော်တို့က စစ်တပ်ဘက်ကပစ်တုန်းလည်းပြောတာပဲ။pdfကပစ်လည်းပြောမှာဘဲ" လို့ ကသာမြို့တွင်းနေထိုင်နေသူကပြောပါတယ်။

စစ်ဘေးတိမ်းရှောင်‌နေရပြီး မိမိနေရပ်ပြန်နိုင်ဖို့အတွက် ဆိုရှယ်မီဒီယာကနေ အခက်အခဲမျိုးစုံကိုတင်ပြတောင်းဆိုနေကြရပြီး အချို့လည်း စစ်ဘေးရှောင်ရတဲ့စိတ်နဲ့ သက်ကြီးပိုင်းတွေကျန်းမာရေးချို့တဲ့လာကြတာ၊သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

" အိမ်ပြန်ချင်တဲ့စိတ်နဲ့ ကျွန်မ အမေက‌
တော့ဆုံးသွားပြီ။ အသိအဖိုးတစ်ယောက်ဆို နေ့တိုင်းအပြင်ထွက်ပြီး ကသာမြို့ပြန်ဖို့ပဲ စောင့်မျှော်နေတော့တယ်။ တချို့ဆို ကိုယ့်နာမည်တောင်ကိုယ်မမှတ်မိတော့တာတွေ။ရောက်တဲ့နေရာမှာဒုက္ခဖြစ်နေတာတွေ၊ ကုန်ဈေးနှုန်းအိမ်လခနဲ့အဆင်မပြေတာတွေဖြစ်နေကြတာ။ဒါကိုသိအောင်ကျွန်မတို့ကတော့ကသာမြို့pageတွေကနေသိအောင်ရေးနေ ၊တောင်းဆိုနေရပါတယ်" လို့ ကသာမြို့ကနေ စစ်ဘေးရှောင် နေထိုင်ရသူကပြောပါတယ်။

ကသာဒေသခံတွေဟာ မိမိနေရပ်ပြန်နိုင်ရေးအတွက်သာ ဆန္ဒရှိပြီး မြို့ဝင်လမ်းမကြီးအတိုင်းဝင်ခွင့်ရဖို့ သက်ဆိုင်ရာအဖွဲ့အစည်း​တွေ အ​နေနဲ့ ကူညီပေးကြဖို့ လိုလား​နေတယ်လို့ သိရပါတယ်။

image