တပေါင်းလပြည့်နေ့တွင် လအပြည့်ကြတ်ခြင်းကို ထိုင်းမှ မြင်တွေ့ရမည်
ထိုင်းနိုင်ငံတစ်ဝန်းမှပြည်သူများသည် မတ်လ ၃ ရက် နေ့ တပေါင်းလပြည့်နေ့တွင် သွေးနီရောင်လအပြည့်ကြတ်ခြင်းကို မြင်တွေ့နိုင်ကြမည်ဖြစ်သည်။
လအပြည့်ကြတ်ခြင်းကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနှင့် ဗဟိုနှင့် အရှေ့အာရှနိုင်ငံများစွာမှ မြင်တွေ့ရမည်ဖြစ်ပြီး ဥရောပ နှင့် အာဖရိကဒေသများကမူ မြင်တွေ့ရမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတော်နက္ခတ္တဗေဒ သုတေသနဌာန (NARIT) က ပြောကြားသည်။
လအပြည့်ကြတ်သွားသည့်အဆင့်သည် ကမ္ဘာတစ်ဝန်းရှိ ဒေသစံတော်ချိန်အမျိုးမျိုးတွင် ကျရောက်မည်ဖြစ်ပြီး အရှေ့အာရှနှင့် သြစတြေးလျတွင် ညနေပိုင်းအချိန်၊ ပစိဖိတ်ဒေသတလျှောက်တွင် ညပိုင်းအချိန်၊ မြောက်နှင့် ဗဟိုအမေရိက၊ တောင်အမေရိက အနောက်ဖျားစွန်းဒေသများတွင် အရုဏ်မတက်မီ ကျရောက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် လကြတ်ခြင်းသည် ညနေ 3 နာရီ 44 မိနစ် မှ ည 9 နာရီ 23 မိနစ် အထိ ကြာမြင့်မည်ဖြစ်ကြောင်း NARIT က ပြောဆိုသည်။ လသည် ကမ္ဘာမြေ၏ အပြင်ပိုင်းအရိပ် သို့မဟုတ် အရိပ်မည်းအတွင်းကို ညနေ ၃း၄၄ နာရီတွင် စတင်ဝင်ရောက်မည်ဖြစ်ကာ ကမ္ဘာအရိပ်၏ အမှောင်ဆုံးအပိုင်းဖြစ်သော umbra အတွင်းသို့ ရွေ့လျားမည်ဖြစ်ပြီး ညနေ ၄း၅၀ နာရီတွင် တစ်စိတ်တစ်ပိုင်းလကြတ်ခြင်းစတင်မည်ဖြစ်သည်။
လပြည့်ဝန်းကြီးသည် သွေးနီရောင်ပြောင်းလဲလာချိန် ည ၆း၀၄ နာရီမှ ၇း၀၂ နာရီအထိ ကြာမြင့်မည်ဖြစ်ပြီး နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်ကို ကြည့်ရှုရန်အကောင်းဆုံးအချိန်ဖြစ်သည်။ ထို့နောက် လသည် ည ၈း၁၇ နာရီတွင် အရိပ်မှ ထွက်ခွာပြီး အရိပ်မှ ကင်းလွတ်သွားမည့် ည ၉း၂၃ နာရီ မတိုင်မီတွင် တစ်စိတ်တစ်ပိုင်း လကြတ်မှုအဆင့်ကို ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။
လကြတ်ခြင်းကို သာမန်မျက်စိဖြင့် ဘေးကင်းစွာ ကြည့်ရှုနိုင်သည်ဟု NARIT က ပြောကြားခဲ့သည်။