နေအိမ်ရှေ့တွင် ကမ္ဘာ့ဖလားကိုင်မြှောက်ထားတဲ့ ဂေါ်ရီလာရုပ်ထုအား စိုက်ထူလာတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ
=====================
ပြင်သစ်စတားလူကပ်စ်ဟာနန်ဒက်ဇ်ဟာ နေအိမ်ရှေ့တွင် ကမ္ဘာ့ဖလားဆုဖလား ကိုင်မြှောက်ထားတဲ့ ဂေါ်ရီလာရုပ်ထုအား ထားထားလာပါတယ်။
အသက် ၃၀ နှစ်ရှိ ပီအက်စ်ဂျီနောက်ခံလူဟာ ပြင်သစ်အသင်းနှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူ ဖြစ်ပါတယ်။
ရုရှားတွင် ကမ္ဘာ့ဖလားဆွတ်ခူးပြီး ၈ နှစ်အကြာမှာတော့ ဟာနန်ဒက်ဇ်ဟာ နေအိမ်ရှေ့တွင် ကမ္ဘာ့ဖလားကိုင်မြှောက်ထားတဲ့ ဂေါ်ရီလာအား တည်ထားကာ ကိုယ့်ကိုယ်ကို ဂုဏ်ပြုလာပါတယ်။
ယင်းဂေါ်ရီလာတွင် ပြင်သစ်အသင်းဝတ်စုံ ဆေးအပြာရောင် သုတ်ထားပြီး ဟာနန်ဒက်ဇ်ရဲ့ အမည်နှင့် ကျောနံပါတ် ၂၁ တို့ကိုလည်း ထည့်သွင်းထားပါတယ်။
လက်မောင်း၊ ခေါင်း၊ ခြေထောက်တို့ကို အနီရောင်ဆေးသုတ်ထားကာ ကမ္ဘာ့ဖလားကိုင်မြှောက်ထားပါတယ်။
ဟာနန်ဒက်ဇ်ဟာ ပြင်သစ်အသင်းအတွက် ပွဲ ၄၀ ကစားထားသူ ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားအပြင် ၂၀၂၁ ခုနှစ် နေးရှင်းလိဂ်ဖလားလည်း ဆွတ်ခူးထားပါတယ်။ သူဟာ ပြင်သစ်နှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်း တက်ခဲ့ပါတယ်။
သူဟာ အက်သလက်တီကိုတွင် ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ကစားပြီးနောက် ချန်ပီယံလိဂ်ဖလားလည်း ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တွင် ပီအက်စ်ဂျီသို့ ပြောင်းလာပြီးနောက် ၉၁ ပွဲကစားထားကာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။