ကစားသမားဘဝ ဆိုးရွားတဲ့အခြေအနေရောက်နေကာ ပရိသတ်များရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရပြီး ကစားသမားဘဝမှ အနားယူရန် ပြောဆိုခံလာရတဲ့ ကာဗာနီ
=================
အက်ဒီဆင်ကာဗာနီဟာ ကိုယ့်အသင်းပရိသတ်များရဲ့ လှောင်ပြောင်မှု ရင်ဆိုင်နေရပြီး ကစားသမားဘဝ အဆိုးရွားဆုံးအခြေအနေသို့ မရောက်မီ စောစောစီးစီး အနားယူရန် တိုက်တွန်းခြင်းခံလာရပါတယ်။

အသက် ၃၉ နှစ်ရှိ အက်ဒီဆင်ကာဗာနီဟာ နာပိုလီ၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့တွင် ကစားခဲ့ကာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် သူဟာ အာဂျင်တီးနားထိပ်သီး ဘိုကာဂျူနီယာတွင် ကစားနေပြီး ယင်းတွင် ကစားလာခဲ့တာ သုံးနှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

သူဟာ ဘိုကာဂျူနီယာအတွက် ၈၁ ပွဲကစားထားရာတွင် ၂၈ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

ဒါပေမယ့် သူဟာ နောက်ပိုင်းပွဲများတွင် အကောင်းဆုံးပုံစံ ပြသနိုင်ခြင်း မရှိမှုနှင့်အတူ ဘိုကာဂျူနီယာပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံလာရပါတယ်။

ကာဗာနီဟာ သောကြာနေ့တုန်းက ရေဆင်းကလပ်နှင့် ဂိုးမရှိသရေကျတဲ့ ပွဲစဉ်တွင် စက်တင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ဝါရင့်တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ဒဏ်ရာပြဿနာ ၃ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ၃၆ ပွဲအထိ လွဲခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ သောကြာနေ့က ပွဲစဉ်မှာတော့ ပွဲတွင် ထူးထူးခြားခြားလုပ်ပြနိုင်ခြင်း မရှိမှုနှင့်အတူ ဘိုကာဂျူနီယာပရိသတ်များရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

ပိုပြီးတော့ ဆိုးရွားလာတာကတော့ ကာဗာနီဟာ တနင်္လာနေ့တုန်းက ဂျမ်နာစီယာချီဗီလ်ကွိုင်းနှင့်ပွဲအတွက် ဘိုကာဂျူနီယာလူစာရင်းမှ ဖယ်ရှားခြင်းခံခဲ့ရတာပါ။

ယခုအခါ ဘိုကာဂျူနီယာဂန္ထဝင်တစ်ဦးဖြစ်တဲ့အပြင် အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ အော်စကာရူဂီရီက ကာဗာနီအနေဖြင့် ကစားသမားဘဝမှ မြန်မြန်ဆန်ဆန် အနားယူရန် တိုက်တွန်းလာပါတယ်။

ရူဂီရီက "ကာဗာနီအနေနဲ ကစားတာ ရပ်ရတော့မယ်။ လှောင်ပြောင်ခံရတယ်ဆိုတာ ကြီးကျယ်တဲ့ကစားသမားဘဝပိုင်ဆိုင်ခဲ့တဲ့ စတားတစ်ဦးအတွက် အပြစ်တစ်ခုပါပဲ။ သူ့ကို မသိပါဘူး။ အကြိမ်အနည်းငယ်တော့ ဆုံဖူးတယ်။ ဒါပေမယ့် သူ့ကို ဒီလိုတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ အာဂျင်တီးနားမှာ အသက် ၄၀ အရွယ်တစ်ဦးအတွက် ကစားရတာ ခက်ခဲ့ပါတယ်။ သူက အခြေအနေကို အလှည့်အပြောင်းဖြစ်အောင် ကြိုးစားလိုနေတာပါ။ ကျွန်တော်ဆိုရင်တော့ နားပါပြီ"လို့ ပြောကြားသွားပါတယ်။

ရူဂီရီဟာ ဇန်နဝါရီလတုန်းက ကာဗာနီအား ကစားသမားဘဝမှ အနားယူရန် တိုက်တွန်းပြောဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။

image