အိုက်ယာလန်-အစ္စရေးပွဲကို ဒဗ္ဗလင်တွင် ကစားသွားမည်
=================
အိုင်ယာလန်ဟာ အောက်တိုဘာလ ၄ ရက်နေ့ အစ္စရေးနှင့် ကစားရမယ့် နေးရှင်းလိဂ်အိမ်ကွင်းပွဲစဉ်အား ဒဗ္ဗလင်ရှိ Aviva Stadium ကွင်းတွင် လက်ခံကစားသွားပါမယ်။

ယင်းနှစ်သင်းဟာ ယခုလအစောပိုင်းတုန်းက နေးရှင်းလိဂ်မဲခွဲမှုတွင် တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီး လုံခြုံရေးပိုင်း စိုးရိမ်နေရမှုနှင့်အတူ ကြားကွင်းတွင် ကစားလာမယ်လို့ သတင်းထွက်နေခဲ့ပါတယ်။

ဘယ်လ်ဂျီယံဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက အစ္စရေးနှင့် အိမ်ကွင်းပွဲကို လုံခြုံရေးစိုးရိမ်ရမှုကြောင့် ဟန်ဂေရီတွင် ကစားခဲ့ရဖူးပါတယ်။

ဒါပေမယ့် အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဟာ အိုင်းရစ်ရဲတပ်ဖွဲ့ရဲ့ အကြံပေးမှုများ ရယူပြီးနောက် Aviva Stadium တွင် လက်ခံကစားမှုက လုံခြုံစိတ်ချမှုအရှိဆုံးလို့ ယုံကြည်ကာ ရွေးချယ်မှု ပြုလုပ်လာပါတယ်။

ဒီနှစ်သင်းတို့ဟာ စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ပထမအကျော့အဖြစ် ရင်ဆိုင်ရပါမယ်။

အစ္စရေးဘောလုံးအဖွဲ့ချုပ်က အိုင်ယာလန်နှင့်အိမ်ကွင်းပွဲကို တဲလ်အဗစ်တွင် ကစားသွားမယ်လို့ ဆိုထားပေမယ့်လည်း ကွင်းကို အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။

အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၅ ခုနှစ်တုန်းက အစ္စရေးရဲ့ ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်တဲ့အနေဖြင့် အစ္စရေးအသင်းအား နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ရန် ယူအီးအက်ဖ်အေကို တိုက်တွန်းဖူးတဲ့ အဖွဲ့ချုပ်များထဲမှ တစ်ခု ဖြစ်ပါတယ်။

image