လူမျိုးရေးခွဲခြားမှုပပျောက်ရေး တိုက်ပွဲဝင်နေသူများအတွက် နိုင်ပွဲ ရယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
====================
ဘင်ဖီကာအား အနိုင်ယူကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့အောင်ပွဲမှာ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသူများအတွက် ဖြစ်ကြောင်း အလယ်တန်းကစားသမားအူရယ်လီယန်ချူကွာမီနီက ပြောကြားလာပါတယ်။
ဗီနီရှပ်စ်ဂျူနီယာဟာ လစ္စဘွန်းတွင် ကစားတဲ့ ပထမအကျော့ပွဲစဉ်တုန်းက တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပြီးနောက် ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရီစတီယန်နီရဲ့ လူမျိုးရေးခွဲခြားမှုခံခဲ့ရပါတယ်။
ပရီစတီယန်နီက လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ ယင်းအမှုကို ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး စုံစမ်းဆဲကာလတွင် ယာယီ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပြီး ဗုဒ္ဓဟူးနေ့ ဘာနေဗျူးရှုံးပွဲအား လွဲချော်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညတုန်းက ဘာနေဗျူးနိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ "no to racism"လို့ စပိန်လို ရေးသားကာ ဗီနီရှပ်စ်အား အားပေးခဲ့ကြပါတယ်။
မနေ့ညက ပွဲတွင် ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်တို့ ၂-၁ ဖြင့် အနိုင်ရစေမယ့် ဒုတိယဂိုးအား သွင်းယူခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၁ ဖြင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပါတယ်။
ပထမပိုင်းတွင် ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးကို သွင်းယူခဲ့တဲ့ ချူကွာမီနီက "ဒီပွဲထက်၊ ဘောလုံးထက် အရေးကြီးတာတွေ အများကြီး ရှိပါတယ်။ ဗီနီရှပ်စ်က သူ့ယုံကြည်မှုကို ဆက်ထိန်းထားခဲ့တယ်။ လိုအပ်တဲ့ အာရုံစူးစိုက်မှု ထားထားတယ်။ ဒီပွဲမှာ ဒီကောင်လေး(ပရီစတီယန်နီ)ကို မကစားခွင့်မပေးတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် ပြောခဲ့သလိုပဲ ဘောလုံးထက် အရေးကြီးတာတွေ ရှိပါတယ်။ ဒီနိုင်ပွဲ က ကျွန်တော်တို့အားလုံးအတွက် အောင်ပွဲပါ"လို့ ပြောကြားသွားပါတယ်။
ဗီနီရှပ်စ်ဂျူနီယာဟာ ပထမအကျော့တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီးနောက် ထောင့်ကန်ဘောအလံတိုင်နားသို့ သွားရောက်ကာ ခါးလှုပ်ပြီး ကကာ အောင်ပွဲခံခဲ့ပါတယ်။ ယင်းသို့ ကကာ အောင်ပွဲခံပြီးနောက် ပရီစတီယန်နီရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မနေ့ညက ပွဲစဉ်တွင်လည်း ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယဂိုးအား သွင်းပြီးနောက် ပထမအကျော့တုန်းကကဲ့သို့ပင် ကကာ အောင်ပွဲခံခဲ့ပါတယ်။