ဥရောပတွင်ပင် ဆက်လက်ကစားရန် ကက်စ်မီရို ဆန္ဒရှိနေ
===================
ကက်စ်မီရိုဟာ လာမယ့် နွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာပြီးပါက ဥရောပတွင်ပင် ဆက်လက် ကစားသွားလိုနေကြောင်း သိရပါတယ်။
အသက် ၃၄ နှစ်ရှိ ကက်စ်မီရိုဟာ ထိပ်တန်းအဆင့်တွင် ကစားနိုင်သေးတယ်လို့ ယုံကြည်မှု အပြည့် ရှိနေမှုနှင့်အတူ ဥရောပထိပ်တန်းလိဂ်တွင်ပင် ဆက်လက်ကျင်လည်လိုနေတာ ဖြစ်ပါတယ်။
ကက်စ်မီရိုဟာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး တစ်နှစ်စာချုပ်သက်တမ်းတိုးနိုင်မယ့် အချက်ပါဝင်ပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ပေးနေရမှုကြောင့် ယူနိုက်တက်ဘက်က စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။
ကက်စ်မီရိုနှင့် မိသားစုတို့ဟာ မကြာသေးမီတုန်းက ယူနိုက်တက်တို့ ၁၃ ရက် ပွဲနားရက် ရချိန်အတွင်း မိုင်ယာမီသို့ သွားရောက် အပန်းဖြေစဉ်အတွင်း မေဂျာလိဂ်သို့ ပြောင်းကစားသွားရေး သွားရောက် ကင်းထောက်မှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ကက်စ်မီရိုရဲ့ ဇနီးသည်အန်နာဟာ ယခုလအစောပိုင်းတုန်းကလည်း လော့စ်ဗီးဂက်စ်သို့ သွားရောက်ခဲ့ပါသေးတယ်။
ဒါပေမယ့် ကက်စ်မီရိုဟာ ဥရောပတွင်ပင် ဆက်လက် ကစားသွားရန် ဆန္ဒရှိနေပါတယ်။
မက်ဒရစ်တွင် နေအိမ်ပိုင်ဆိုင်နေဆဲ ဖြစ်တဲ့ ကက်စ်မီရိုဟာ ရီးရဲလ်မက်ဒရစ်ကစားဖော်ဟောင်းလူကာမိုဒရစ်ရှိရာ အေစီမီလန်သို့ ပြောင်းရွှေ့လာနိုင်တယ်လို့လည်း သတင်းများ ထွက်နေပါတယ်။
စက်တင်ဘာလတုန်းက အသက် ၄၀ နှစ်ပြည့်ခဲ့တဲ့ လူကာမိုဒရစ်ဟာ အေစီမီလန်နှင့် တစ်နှစ်စာချုပ်ချုပ်ဆိုထားပေမယ့်လည်း တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ကက်စ်မီရိုဟာ ယခုရာသီ ယူနိုက်တက်ရဲ့ ၂၉ ပွဲတွင် ၂၄ ပွဲ ပွဲထွက်ကစားထားသူ ဖြစ်ပြီး ၂ ပွဲမှာ ပွဲပယ်ကြောင့် မကစားနိုင်ခဲ့ခြင်းဖြစ်ကာ တစ်ပွဲမှာ အနားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကက်စ်မီရိုဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ၅ ဂိုးသွင်းထားပြီး ယင်းမှ ၄ ဂိုးမှာ အလွတ်တည်ကန်ဘောမှ သွင်းယူထားတာ ဖြစ်ပါတယ်။
ကက်စ်မီရိုဟာ ဆော်ဒီပရိုလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါသေးတယ်။