ဒဏ်ရာရ ကစားသမားများ ကွင်းပြင်တွင် တစ်မိနစ် နေစေလိုနေတဲ့ ဖီဖာ
===================
ဒဏ်ရာကို ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားများအနေဖြင့် ကွင်းပြင်ပတွင် တစ်မိနစ် နေစေလိုတဲ့ အဆိုပြုလွှာအား ဖီဖာ ပြုလုပ်လာပါတယ်။

ဖီဖာဟာ စနေနေ့တုန်းက နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပွဲအချိန်ဆုံးရှုံးမှု၊ ပွဲအရှိန်နှောင့်ယှက်မှုအား နည်းပါးလာစေရေး လုပ်ဆောင်မှုများထဲမှ တစ်ရပ်အဖြစ် အထက်ပါအဆိုအား ပြုလုပ်လာတာပါ။

လက်ရှိအချိန်တွင် ဘောလုံးပွဲများတွင် ဒဏ်ရာအား ကုသမှု ပြုလုပ်ရတဲ့ ကစားသမားများအနေဖြင့် ကွင်းပြင်ပတွင် ဘယ်လောက်နေရမယ်ဆိုတာ အချိန်အတိအကျ သတ်မှတ်ခြင်း မပြုလုပ်ရသေးပါဘူး။

လိဂ်များက ကိုယ့်သတ်မှတ်ချက်ဖြင့် ကိုယ် အသုံးပြုနေကြတာ ဖြစ်ပြီး ပရီးမီးယားလိဂ်က ၂၀၂၃-၂၄ ရာသီမှ စတင်ကာ စက္ကန့် ၃၀ စနစ်ကို အသုံးပြုနေပါတယ်။

ဖီဖာဟာ ဒီဇင်ဘာလတုန်းက ကျင်းပခဲ့တဲ့ အာရတ်ဖလားပြိုင်ပွဲတွင် ဒဏ်ရာအား ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားအား ကွင်းပြင်ပတွင် ၂ မိနစ်အထိ နေစေတဲ့ စနစ်အား စမ်းသပ်အသုံးပြုခဲ့ဖူးပါတယ်။

ဖီဖာဒိုင်အကြီးအကဲပီယာလူဂီကော်လီနာက ယင်းသို့ ဒဏ်ရာကို ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားအား ၂ မိနစ် ကွင်းပြင်ပတွင် နေစေတဲ့ စနစ်ကြောင့် ပွဲအတွင်း အချိန်ဖြုန်းတီးမှုကို လျှော့ကျလာစေသလို ပွဲအရှိန်ကိုလည်း လျှော့ကျစေခြင်း မရှိပါဘူး။

မေဂျာလိဂ်ကတော့ ကစားသမားက ကွင်းအတွင်း ၁၅ စက္ကန့် လဲနေလျှင် ဆေးအဖွဲ့ ဝင်ရောက် ဆေးကုသတဲ့ စနစ်အား အသုံးပြုနေပါတယ်။

ဖီဖာဟာ ကစားသမားများအနေဖြင့် ဒဏ်ရာရဟန်ဆောင်ပြီး ဆေးကုသမှုခံယူကာ အချိန်ဖြုန်းတီးမှု ပြုလုပ်ကာ ပွဲအရှိန်လျှော့ချမှုများ ပပျောက်ရေးအတွက် ယခုကဲ့သို့ ကွင်းပြင်ပတွင် ၁ မိနစ်နေစေတဲ့ စနစ်အား အသုံးပြုရေး ကြိုးပမ်းအားထုတ်လာတာပါ။

တဖက်တွင် ယခုကဲ့သို့ ဖီဖာဘက်က ဒဏ်ရာကို ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားအား ကွင်းပြင်ပတွင် တစ်မိနစ် နေစေတဲ့စနစ် အသုံးပြုလာမှုနှင့်အတူ ကလပ်များဘက်ကလည်း စိုးရိမ်စိတ် ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ဟာ နောက်ခံလူဒီလက် ဒဏ်ရာကြောင့် ကွင်းပြင်ပတွင် ရှိနေစဉ် တစ်ယောက်အလျှော့ဖြင့် ကစားရချိန်တွင် ဘရန့်ဖို့ဒ်အား ထောင့်ကန်ဘောမှ တဆင့် ဂိုးပေးခဲ့ရမှုအပေါ် အကြီးအကျယ် ပေါက်ကွဲခဲ့ကြပါတယ်။

ဖီဖာက ယခုကဲ့သို့ ဆေးကုသမှု ခံယူရတဲ့ ကစားသမားအား ကွင်းပြင်ပတွင် ၁ မိနစ် နေစေမှုကြောင့် ယင်းအသင်းမှာ ဆယ်ယောက်တည်းဖြင့် ကစားလာကာ ဂိုးပေးလာရနိုင်ခြေ ရှိမှုမှာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

image