Al-Nassr တွင် ပျော်ရွှင်နေကြောင်း ပြောကြားကာ ဆော်ဒီတွင် ဆက်ရှိနေမည်လို့ ခရစ္စတီယာနိုရော်နယ်ဒို အတည်ပြုလာ
=====================
ခရစ္စတီယာနိုရော်နယ်ဒိုက Al-Nassr တွင် ပျော်ရွှင်နေကြောင်း ပြောကြားကာ ဆော်ဒီကလပ်တွင် အနာဂတ် မရေမရာ ဖြစ်နေမှုအား ရှင်းလင်းလာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီစူပါစတားဟာ ကလပ်ပိုင်ရှင် PIF ရဲ့ ကလပ်အပေါ် မမျှမတ ဆက်ဆံမှုအပေါ် ပေါက်ကွဲကာ Al-Nassr ရဲ့ ပွဲ ၃ ပွဲအား မကစားဘဲ သပိတ်မှောက် ဆန္ဒပြခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက Al-Nassr အတွက် ပြန်ကစားလာသလို စနေနေ့တုန်းက Al-Hazem အား ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းခဲ့ပါတယ်။ ယင်းနိုင်ပွဲကြောင့် Al-Nassr ဟာ ဆော်ဒီပရိုလိဂ်အား ၁ မှတ်အသာဖြင့် ဦးဆောင်ထားနိုင်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်က "ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုပေါ့ ကျွန်တော့်ကို ဆော်ဒီက ပိုင်ပါတယ်။ ဒီနိုင်ငံက ကျွန်တော့်အပြင် မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း အရမ်းကို ကောင်းကောင်းမွန်မွန်ကြိုဆိုတဲ့ နိုင်ငံတစ်ခုပါ။ ဒီမှာ အရမ်းပျော်တယ်။ ဒီမှာပဲ ဆက်ကစားချင်တယ်။ အရေးအကြီးဆုံးအရာကတော့ ဆက်ပြီးတော့ (လိဂ်အမှတ်ပေးဖလားအတွက်) တွန်းအားပေးသွားမယ်။ ကျွန်တော်တို့ ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ ကျွန်တော်တို့ အလုပ် ကျွန်တော်တို့ လုပ်နေတယ်။ ကျွန်တော်တို့ နိုင်တယ်။ ဖိအားပေးတယ်။ ရာသီအကုန်မှာ ဘာဖြစ်မလဲ ကြည့်မယ်"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် Al-Nassr သို့ ဘောလုံးသမိုင်းတွင် အမြင့်မားဆုံးလုပ်ခအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၁၇၇ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပါတယ်။
သူဟာ Al-Nassr သို့ ရောက်လာပြီးနောက် 2023 Arab Club Champions Cup ဖလားတစ်လုံးတည်းသာ ရရှိထားပါတယ်။
Al-Nassr ဟာ စနေနေ့ နိုင်ပွဲကြောင့် Al-Hilal အား တစ်မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်သလို AFC Asian Cup ကွာတားဖိုင်နယ်သို့လည်း တက်ရောက်ထားပါတယ်။