#ကြာဆံဟင်းခါးချက်နည်း..🍜🍜🥗
===========
ကြာဆံဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ လွယ်ကူရိုးရှင်းဆုံး ကြာဆံဟင်းခါး ချက်နည်းတစ်မျိုးကိုပြောပြပါမယ်☺☺
ကြာဆံဟင်းခါးချက်တဲ့အခါ အရသာကောင်းပြီးအနံ့မွှေးနေဖို့ဆိုရင်...
✔ ကြက်ရိုးပြုတ်ရည်
✔ ဆီသတ်တာနဲ့
✔ အရသာထည့်တဲ့အခါအချိုးအစားကျဖို့ အဓိကကျပါတယ်။
ကျွန်တော်ပြောပြမယ့်နည်းကတော့ ဆီသတ်တဲ့အခါ ချင်း၊ကြက်သွန်နီတို့ မထည့်ဘဲ ကြက်သွန်ဖြူတစ်မျိုးတည်းနဲ့ချက်တဲ့နည်းပါ အနံ့ရော အရသာရော ဂွတ်ရှယ်ပေါ့ဗျာ😋😋
ကြာဆံဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက
၁။ ကြက်သားဆီသတ်ပါ။
၂။ကြက်ရိုးများကိုပြုတ်ထားပါ။
၃။ မှိုခြောက် ပန်းခြောက် ပဲလိတ်ခြောက်
(ရေကိုအချိန်ကြာကြာစိမ်ပေးပါ။ရေနူးလျှင် မှိုခြောက်လှီးထား၊ပန်းခြောက်ထုံးထား၊ပဲလိတ်ခြောက် နေတော်ဖြတ်ထားပါ။)
၄။ပဲကြာဇံရေစိမ်ထားပါ
_________________________________________
၁။ ကြက်သားကိုဆီသတ်ပါမယ်
👉 ကြက်သား ၃၀ ကျပ်သား
(ရင်ပုံသား သို့ ပေါင်သားအရိုးထုတ်ထားပြီးသား)
👉ကြက်သွန်ဖြူ ဥကြီး ၃လုံး
👉ကရဝေးရွက် ၂ရွက်(အနံ့မကြိုက်လျှင် မထည့်လည်းရပါသည်။)
👉နနွင်းမှုန့် အရောင်တင်မူန့် အနည်းငယ်
— ကြက်သားကိုနေတော်အတုံးသေးသေးလေးတွေတုံး၍ ဆား ကြက်သားမှုန့် သကြားအနည်းငယ်နှင့်နယ်ထားပါ။
— ဆီပူလာလျှင်ကရဝေးရွက်ထည့်ပါ။
— ကြက်သွန်ဖြူကိုနုတ်နုတ်စဉ်းပြီး ငရုတ်သီးမှုန့် နနွင်းအနည်းငယ်နှင့်
ရွနေအောင်ဆီသတ်ပြီး အရသာနယ်ထားသောကြက်သားထည့်ပါ။
(အရမ်းကြွပ်ဖို့မလိုပါ အနံ့မွှေးပြီး ခပ်ထန့်ထန့်အနေအထားဆိုရပါပြီ။)
— ဆီသတ်ပြီး ကရဝေးရွက်များကို ဖယ်ပစ်ပါ အနံ့ပဲယူတာပါ။
ကရဝေးရွက်အနံ့ကို တချို့ကမကြိုက်ကြပါ မိမိမကြိုက်လျှင်မထည့်လည်းရပါ
သည်။
_____________________________________
၂။ကြက်ရိုးများကိုရေဖြင့်ပြုတ်ပါ။
— ကြက်ရိုးပြုတ်ရည်အိုးဆူလာလျှင် ကြက်ရိုးများကိုဖယ်ထုတ်ပါ။
မှတ်ချက်။ ။အရိုးမှအသားများ ကွာကျလာသည်အထိပြုတ်ပြီး အရိုးများဖယ်ထုတ်ပစ်ရပါမည်။
— ထို့နောက် မှိုခြောက် ပန်းခြောက် ပဲလိတ်ခြောက်တို့ကိုထည့်ပါ။
_________________________________________
ကြာဆံဟင်းခါး စ ချက်ပါတော့မယ်။
— မှိုခြောက် ပန်းခြောက် ပဲလိတ်ခြောက်တို့ နူးအိလာပြီးပြုတ်ရည်ပွက်ပွက်ဆူလာလျှင် ဆီးမွှေးသတ်ပြီးသား ကြက်သားများ ကိုလောင်းထည့်ပါ။
— အရသာကို ကြက်သားမှုန့်၊ အချိုမှုန့်, ငံပြာရည် တို့ကိုမိမိလိုသလို ထိန်းပြီးကြည့်ထည့်ပါ။
မှတ်ချက်။ ငံပြာရည်အနံ့မနံစေရန်ငံပြာရည်ကိုဟင်းရည်ပွက်ပွက်ဆူမှထည့်ပါ။
— ငုံးဥပြုတ်ပြီးသား အခွံသင်ထည့်ပါ။
— ကြက်သွန်နီဥသေးလေးများထည့်ပါ။
— ဟင်းရည် အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပြီးမှကြာဆံထည့်ပါ။
— ရေစိမ်ထားတဲ့ကြာဆံများကို အနေတော်ပိုင်းဖြတ်ပြီး ကြာဆံပွလာသည်အထိ မီးအေးအေးဖြင့်တည်ပေးပါ။
— အိုးချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။
_________________________________________
👉 ကြာဆံဟင်းခါးကျက်လျှင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ
နံနံပင်၊ သံပုရာသီး ၊ ငံပြာရည် ၊ ငရုတ်သီးအကြော်မှုန့် ၊ငုံးဥ၊ကြက်ဥ၊ ဘဲဥ ၊
ပဲတောင့်ရှည် ၊ငါးဖယ်ကြော် ထည့်ပြီးစားသုံးနိုင်ပါပြီ။
———————————––—––————————–––—
အားလုံးအဆင်ပြေကြပါစေခင်ဗျာ😍😍

image