နွားထိုးကြီးနယ်ထဲက NUG မြေအောက်ဆေးရုံ မိုင်းခွဲခံရ
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း NUG က လျှို့ဝှက် တည်ဆောက်ထားတဲ့ မြေအောက်ဆေးရုံ မိုင်းခွဲ ဖျက်စီးခံရတာ လက်နက်ကိုင်တပ်တွေ အနေနဲ့ စိုးမိုးနယ်မြေ ထိန်းချုပ်နိုင်မှု အားနည်းခြင်းသာ ဖြစ်တယ်လို့ စစ်ရေး လေ့လာသုံးသပ်သူတွေနဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
နွားထိုးကြီးမြို့နယ် မြောက်ခြမ်း၊ မြင်းခြံနယ်အစပ်၊ ပဲခင်းကြီးရွာအနီး တည်ဆောက်ထားတဲ့ NUG ရဲ့ မြေအောက်ဆေးရုံကို အစိုးရတပ်တွေက စစ်အင်အားတွေ အသုံးပြုကာ ရှာဖွေတွေ့ရှိပြီးနောက် ဝင်ရောက်စီးနင်းကာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အစိုးရတပ်ရဲ့ စစ်ရေး သတင်းရင်းမြစ်တွေကလည်း မြေအောက် ဆေးရုံအတွင်း အစိုးရ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီး မိုင်းတွေတပ်ဆင်ကာ ဖောက်ခွဲဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်တွေ ဖြန့်ဝေထားကြပြီး အဲဒီ ရုပ်သံဖိုင်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ရက်စွဲနဲ့ “ဖျက်ဆီးမှုမှတ်တမ်း” လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
“ရုပ်သံမှာ ၁၉ ရက်နေ့လို့ ဖော်ပြထားပေမယ့် ဆေးရုံဖျက်ဆီးခံရတာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ဆိုတာ အမှန်ပါပဲ။ လပခ လက်အောက်ခံ အစိုးရတပ်တွေက ဆေးရုံကို စီးနင်းပြီး မိုင်းထောင်ဖောက်ခွဲခဲ့တာပါ။ ဒီလိုဖြစ်တာက အဓိက က လုံခြုံရေးပိုင်း အင်မတန် အားနည်းတယ်ဆိုတာကို ပြတာပေါ့။ ဆေးရုံ တည်ဆောက်ထားတဲ့နေရာ ဘေးကင်းလုံခြုံရေး၊ မြေပြင်မနီးမဝေး လုံခြုံရေးတွေ အခိုင်အမာ ဖြန့်ကျက်ထားရမှာကို မလုပ်နိုင်တာပေါ့။ ပေါက်ကွဲမှုဖြစ်ချိန် ဆေးရုံမှာ ဘယ်သူမှမရှိလို့ လူထိခိုက်တာတော့ မရှိဘူး။ စစ်ကြောင်းတွေ ဝင်လာပြီ ဆိုကတည်းက ကြိုရှောင်ထားကြတာ” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အခုလို အလွယ်တကူ ဖျက်ဆီးခံရတာဟာ စိုးမိုး ထိန်းချုပ်နယ်မြေ ခိုင်မြဲအောင် လုပ်ဆောင်နိုင်ခြင်းမရှိ ဆိုတာကို ပြသနေတာဖြစ်ပြီး အစိုးရစစ်ကြောင်း ရောက်ရှိလာတဲ့အခါ ရှောင်ရှားခြင်းထက် အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် ကြိုတင် ကာကွယ်ရေးပိုင်း
အထူးကြပ်မတ် ဆောင်ရွက်ထားရမှာ ဖြစ်တယ်လို့ စစ်ရေး လေ့လာသုံးသပ်သူက ပြောပါတယ်။
“ထိန်းချုပ်တယ်၊ စစ်ကြောင်း ဝင်လာပြီဆို နေရာကို ထားခဲ့ပြီး ဆုတ်ခွာတယ်ဆိုတာတွေက အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတာပေါ့။ အခုလို ဖြစ်သွားတာကလည်း လုံခြုံရေး စည်းပေါက်သွားတာ ဖြစ်နိုင်တယ်။ အားလုံး သဲထဲရေသွန် ဖြစ်သွားတာပေါ့။ ဒါက ပြည်သူ့အလှူငွေတွေနဲ့ ဆောက်ထားတဲ့ဆေးရုံ ဖြစ်နေတာကိုး။ အစကတည်းက နယ်မြေမထိန်းနိုင်ရင် မသိမ်းတာ အကောင်းဆုံးပါပဲ။ မြေစာပင် ပြည်သူတွေခမျာလည်း ပြေးစရာမြေ နည်းနေကြပါပြီ” လို့ သူက ပြောပါတယ်။
အဲဒီဆေးရုံဟာ လက်ရှိ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် အလှူငွေ ကောက်ခံပြီးနောက် စတင် တည်ဆောက်ခဲ့တဲ့ ဆေးရုံဖြစ်တယ်လို့ သိရပြီး မြေပြင်ပေါ်မှာ လေကြောင်း တိုက်ခိုက်တာတွေ ရှိနေတာကြောင့် လုံခြုံရေးပိုင်းအတွက် ရည်ရွယ်ကာ မြေအောက်ဆေးရုံ ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဆေးရုံဟာ ကုတင် ၁၀၀ ခန့်ဆံ့တဲ့ဆေးရုံဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ၂၀၂၅ နှစ်အတွင်း တည်ဆောက် ပြီးစီးခဲ့တာဖြစ်ကာ လုပ်ငန်းလည်ပတ်တာ မကြာသေးဘူးလို့ သိရပါတယ်။
မန္တလေးမြို့၊ နန်းမြို့တွင်းမှာ အခြေပြုတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) လက်အောက်ခံ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်၊ နှစ်ကုန်ပိုင်းကတည်းက နွားထိုးကြီးမြို့နယ်ထဲ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။