ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသူအဖြစ် စံချိန်သစ် ရေးထိုးလာတဲ့ ဂျိမ်းစ်မီလ်နာ
====================
ဂျိမ်းစ်မီလ်နာဟာ ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားထားသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာခဲ့ပြီ ဖြစ်ပါတယ်။

ဝါရင့်အလယ်တန်းကစားသမားဟာ စနေနေ့တုန်းက ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ဘရိုက်တန်ပွဲထွက်လူစာရင်းတွင် ပါဝင်ကစားကာ ပရီးမီးယားလိဂ်ပွဲ ၆၅၄ ပွဲဖြင့် ဂါရတ်ဘာရီရဲ့ ၆၅၃ ပွဲစံချိန်ကို ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။

မီလ်နာဟာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလတုန်းက အသက် ၁၆ နှစ်အရွယ်တွင် ဝက်စ်ဟမ်းအား ၄-၃ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကစားသမားဘဝစတင်ရာ လိဒ်အတွက် ပထမဆုံးပွဲ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အတွက် ၆၁ ပွဲကစားထားတဲ့ အသက် ၄၀ နှစ်ရှိ ဂျိမ်းစ်မီလ်နာဟာ လီဗာပူးတွင် ဂျာဂင်ကလော့ပ်လက်အောက်မှာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတို့ ရရှိခဲ့ပြီးနောက် ဘရိုက်တန်တွင်လည်း အရေးပါတဲ့ကစားသမားအဖြစ် ဆက်လက် ကစားနေပါတယ်။

သူဟာ မနေ့ညတုန်းက ဘရန့်ဖို့ဒ်အား အနိုင်ရတဲ့ပွဲစဉ်တွင် ဖိနပ်အောက်ခြေတွင် ၆၅၄ ဆိုတဲ့ ကိန်းဂဏန်းရေးထိုးထားတဲ့ အထူးထုတ်ဖိနပ်အား စီးကာ ကစားသွားခဲ့ပါတယ်။

သူဟာ လိဒ်အတွက် ၄၈ ပွဲ၊ နယူးကာဆယ်အတွက် ၉၄ ပွဲ၊ ဗီလာအတွက် ပွဲ ၁၀၀၊ မန်စီးတီးအတွက် ၁၄၇ ပွဲ၊ လီဗာပူးအတွက် ၂၃၀ ပွဲနှင့် ဘရိုက်တန်အတွက် ၃၅ ပွဲကစားထားကာ စံချိန်သစ် ရေးထိုးလာတာ ဖြစ်ပါတယ်။

မီလ်နာဟာ လိဒ်တွင် ကစားစဉ်တုန်းက အသက် ၁၆ နှစ်နှင့် ၃၆၅ ရက်ဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

image