ရာထူးမှ ထုတ်ပယ်ဖူးတဲ့ ကလပ်ရဲ့ ပွဲကို ကိုယ်တိုင်သွား အားပေးခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်
ဖေဖော်ဝါရီ ၂၂
ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းဟောင်း စကော့တလန်ကလပ် စိန့်မာရန်ရဲ့ ပွဲကို အံ့ဩသင့်ဖွယ် ကိုယ်တိုင်သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။
ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးကို စိန့်မာရန်ရဲ့ ကွင်းတွင် အပြုံးမျက်နှာဖြင့် အားပေးကြည့်ရှုနေခဲ့တာ တွေ့ရပါတယ်။
အသက် ၈၄ နှစ်ရှိ ဖာဂူဆန်ဟာ ၁၉၇၈ ခုနှစ်တုန်းက အသင်းကို စကော့တလန်အမှတ်ပေးဖလား ရယူပေးပြီး တစ်နှစ်အကြာတွင် ထုတ်ပယ်ခြင်းခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂန္ထဝင်နည်းပြဘဝအတွင်းတွင် ယင်းတစ်ကြိမ်တည်းသာ ထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူဟာ ပြိုင်ဘက် အဘာဒင်းနှင့် ဆက်သွယ်တယ်ဆိုပြီး ထုတ်ပယ်ခံခဲ့ရတာပါ။ ဖာဂူဆန်ဟာ စိန့်မာရန်ရဲ့ ထုတ်ပယ်ခံရပြီးနောက် အဘာဒင်းသို့ ပြောင်းခဲ့ပါတယ်။
သူဟာ စိန့်မာရန်ကို ၁၆၉ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၇၄ ပွဲ အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဖာဂူဆန်နှင့် စိန့်မာရန်အကြား ယင်းသို့ ပြဿနာမျိုး ရှိခဲ့ပေမယ့် ယခုအခါ ပျောက်ကွယ်သွားပြီလို့ ယူဆရပါတယ်။
ဖာဂူဆန်ဟာ စနေနေ့ညတုန်းက စိန့်မာရန်တို့ မာသားဝဲလ်ကို အိမ်ကွင်းတွင် ၅-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအား ကိုယ်တိုင်ကြည့်ရှုအားပေးခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ တနင်္လာနေ့တွင် အသင်းဟောင်းယူနိုက်တက်ရဲ့ အဲဗာတန်နှင့်ပွဲကိုလည်း လာရောက်ကြည့်ရှုဖို့ ရှိနေပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ကလစ်ဖ်ရဲ့အသုံးစရိတ်လျှော့ချမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် တစ်နှစ်ပေါင် ၂ သန်း ရရှိနေတဲ့ ယူနိုက်တက်သံတမန်ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပေမယ့်လည်း ယူနိုက်တက်ပွဲများကို ကိုယ်တိုင်လာရောက်ကြည့်ရှုနေတုန်း ဖြစ်ပါတယ်။
