မြန်မာဖိုက်တာ လှိုင်းထက်အောင်ကို ထိုင်းဖိုက်တာဝမ်ချိုင်းနွိုင်အလဲထိုးပြီး ဘတ် ၃၅၀၀၀၀ ဆုယူ
သတိုး
ဖေဖော်ဝါရီ ၂၁
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ယှဉ်ပြိုင်ကစားနေတဲ့ ONE Friday Fights 143 ရဲ့ အဓိကခေါင်ပွဲ (Main Event) ဖြစ်တဲ့ မြန်မာ့ကယန်းကျားသစ်မယ် ဘရော်နီကာနဲ့ အစ္စရေးပျိုဖြူ ရှား ကိုဟန်တို့ပွဲမတိုင်ခင်မှာ မြန်မာဖိုက်တာ လှိုင်းထက်အောင်နဲ့ ထိုင်းဖိုက်တာ ဝမ်ချိုင်နွိုင်းတို့ ထိုးသတ်ကြရာမှာ
ပထမအချီမှာ အလုံးအရပ်ပိုသေးနေတဲ့ လှိုင်းထက်အောင်က ဖွင့်တိုက်ဖို့ကြိုးပမ်းပေမဲ့ နည်းစနစ်သာပြီးပါးနပ်တဲ့ ဝမ်ချိုင်းနွိုင်ကို ထိုးသတ်ရခက်နေပြီး အပြန်အလှန်ထိကြပေမဲ့ ပိုပြီး ထိချက်သာတာ ဝမ်ချိုင်းနွိုင်ပါ။
ပထမအချီအပြီးမှာ လှိုင်းထက်အောင်ကလည်း ဘာမှမဟုတ်တာ သိသွားတဲ့ ဝမ်ချိုင်းနွိုင်က ဒူးတံတောင်လက်သီး အစုံသုံးပြီး သွေးအေးအေးနဲ့ ဖိအားပေးထိုးတာပါ။ လှိုင်းထက်အောင်ဟာ မြန်မာကစားကမားတွေရဲ့အားနည်းချက်ဖြစ်တဲ့ ခေါင်းကိုတည်ကန်တာတွေ ကာနိုင်ပေမဲ့ အပေါ်ကာရင် အောက်ကဟာ အောက်ကာရင် အပေါ်ကဟာနဲ့ဖြစ်နေတာမို့လို့ ဆင့်ကဲဝင်လာတဲ့ထိုးသတ်ချက်တွေမရှောင်နိုင်တာက ဒီပွဲရဲ့အဖြေပါ။ ဝမ်ချိုင်းနွိုင်ရဲ့ ခတ်ခြေတွေကလည်း လှိုင်းထက်အောင်ကျနိုင်တဲ့ ကန်ချက်တွေဖြစ်နေပြီး ပွဲရဲ့အဆုံးသတ်မှာတော့ လှိုင်းထက်အောင်ဟာ ဝမ်ချိုင်းနွိုင်ရဲ့ ဘယ်ညာ လက်သီးတွဲလုံး ဗိုက်ထဲနှစ်လုံးဝင်ပြီး ကြိုးတန်းပေါ်ခွေကျချိန် အောက်အထိ အကျမခံဘဲ ဝမ်ချိုင်းနွိုင်က ကြိုးတန်းပေါ်ကပ် ဒူးနဲ့တိုက်ချိန်မှာ တုံ့ပြန်ဖို့ ခွန်အားမဲ့နေတဲ့ လှိုင်းထက်အောင် ဒိုင်က ပွဲရပ် အရှုံးပေးလိုက်ပါတော့တယ်။
လှိုင်းထက်အောင်ဟာလည်း ရှေ့ကနောင်တော် ရိုးရာကျားတွေနဲ့ ထူးမခြားနားတဲ့ ခံကြီးမောင်လို့ပဲ သုံးသပ်ရမှာဖြစ်ပြီး အလဲထိုးနိုင်သွားတဲ့ ဝမ်ချိုင်းနွိုင်ကတော့ ဘတ် ၃၅၀၀၀၀ ပါ ဆုယူသွားပါသေးတယ်။



