❝အရပ်ဖက် ခရီးသည်တင်လေယာဉ်တစ်စင်းကို KIA/ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များက FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေယာဥ်အနည်းငယ်ထိုခိုက်ပျက်စီး❞
ဖေဖော်ဝါရီ ၂၁
အရပ်ဖက်လေယာဥ်တစ်စီးဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းကို KIA/ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များက FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေယာဥ်အနည်းငယ်ထိုခိုက်ပျက်စီးခဲ့သည့် ဖြစ်စဥ်တစ်ခု ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဥ်သည် မြစ်ကြီးနားလေဆိပ်၌ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA/ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များက FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တိုက်ခိုက်ခဲ့မှုကြောင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ကင်းလွတ်ရာသို့ လိုအပ်သည်များ အမြန်ဆုံးရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
