မြန်မာနိုင်ငံတွင် အီးစီးကရက် (e-cigarettes) များ အသုံးပြုခြင်းနှင့် ရောင်းချခြင်းကို တရားဝင်ပိတ်ပင်
သက်တံ့
ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံတွင် အီးစီးကရက် (e-cigarettes)၊ အီး-ရှီရှား(e-shisha) နှင့် Vape စက်စသည့် ၎င်းတို့နှင့် ဆက်စပ်သည့် ပစ္စည်းကိရိယာများအားလုံးကို တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် အသုံးပြုခြင်းတို့ကို ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ (Xinhua) သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
ဤပိတ်ပင်တားမြစ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တားမြစ်ချက်အရ အီးစီးကရက် (e-cigarettes)၊ အီး-ရှစ်ရှာ (e-shisha) နှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ပစ္စည်းကိရိယာများအားလုံးကို တင်သွင်းခြင်းနှင့် တင်ပို့ခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အသုံးပြုခြင်းနှင့် သုံးစွဲခြင်းများ လုံး၀မလုပ်ဆောင်ရန် ကန့်သတ်ထားသည်။
ထို့အပြင် ဤပိတ်ပင်မှုကို ကျူးလွန်ဖောက်ဖျက်သူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
"အီးစီးကရက်ဟာ မြန်မာနိုင်ငံမှာတင်မကဘဲ တခြားနိုင်ငံတွေက လူငယ်တွေကြားမှာပါ အလွန်ခေတ်စားလာပါတယ်။ လူအများစုက အီးစီးကရက်ဟာ သာမန်စီးကရက်ထက် အန္တရာယ်နည်းတယ်လို့ ထင်နေကြပေမယ့် ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆပါ။ အီးစီးကရက်ဟာ အဆုတ်ကို တိုက်ရိုက်ပျက်စီးစေနိုင်သလို၊ စွဲလမ်းစေတဲ့ နီကိုတင်း (nicotine)၊ လေးလံတဲ့ သတ္တုဓာတ်တွေနဲ့ တခြားအဆိပ်သင့်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်" ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပိတ်ပင်ရခြင်းမှာ အထူးသဖြင့် လူငယ်များအကြား ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref , Bernama & Xinhua