တောင်ဒဂုံမှာ အသက် ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၂၀
Written by Thiri

အသက် ငါးနှစ်ကျော်အရွယ် ကလေးငယ်နှစ်ဦး ခြံဝန်းတစ်ခုထဲမှာ အတူကစားနေစဉ် ပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ‌ဒဂုံ‌မြို့သစ်‌ တောင်ပိုင်းမြို့နယ်၊ ယောက်ကော်ပန်းခြံအနီးက ကားပစ္စည်း အဟောင်း အရောင်း လဲလှယ် ပြုပြင်တဲ့ ဆိုင်ခြံဝန်းထဲမှာ ဖြစ်ပွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက MT News ကို ပြောပါတယ်။

ပျောက်ဆုံးခဲ့တာက မနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်ကလို့ သိရပြီး ပျောက်ဆုံးကလေးငယ်တွေက ယောက်ျားလေးတစ်ဦး၊ မိန်းကလေး တစ်ဦး အရွယ်တူ အတန်းကျောင်းအတူတူ ၊ အိမ်နီးနားခြင်း ကစားဖော်တွေလို့လည်း သိရပါတယ်။

‌ပျောက်ဆုံးခဲ့တဲ့ကလေးငယ်ယောက်ျားလေးရဲ့ နာမည်က အောင်ပြည့်စုံလို့ သိရပြီး ပျောက်ဆုံးချိန် ဝတ်ထားတဲ့ အဝတ်အစားက အနီရောင် အင်္ကျီကို ဝတ်ဆင်ထားကာ အသားအရောင် ညိုတယ်လို့ သိရပါတယ်။ အဆိုပါ ကလေးငယ်နဲ့အတူခဲ့တဲ့ ပျောက်ဆုံးခဲ့တဲ့ ကောင်မလေးက သဲသဲတုန်လို့ သိရပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားက အမဲရောင် စပို့ရှပ်နဲ့ အသားဖြူတယ်လို့ သိရပါတယ်။

မိသားစုနဲ့ ရပ်ကွက်နေသူ‌တွေ လိုက်လံရှာဖွေနေ‌ပေမယ့်လည်း MT News က ဆက်သွယ်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်း အချိန်အထိ မတွေ့ရှိသေးဘူးလို့လည်း သိရပါတယ်။

ပျောက်ဆုံးကလေး နှစ်ဦးနဲ့ နီးစပ်သူ အမျိုးသမီးက "ကောင်မလေးရဲ့ အဖေက ကျွန်မတို့ ဆိုင်က အလုပ်သမားပါ။ ကျွန်မတို့က ကားပစ္စည်း ‌ဆိုင်ပါ။ ကလေးရဲ့ အဖေနဲ့ အမေက ကွဲနေတာ။ က‌လေးကလည်း ကျွန်မတို့လက်ပေါ်တင် ကြီးလာတာပါ။ သူ့အဖေနဲ့ အမေကွဲတော့ ကလေးက အဖေနဲ့ ကျန်ခဲ့တယ်။ အဖေလုပ်သူက အလုပ်လာရင် ကလေးကို တစ်ယောက်တည်း ထားခဲ့ဖို့ အဆင်မပြေတော့ ဆိုင်ကို ခေါ်လာတယ်။ ကျွန်မတို့လည်း ဝိုင်းကြည့်ပေး ထိန်းပေးနဲ့ နေလာတာ သုံးနှစ်တောင်ကျော်ပြီ။ ကျောင်းလည်းထားပေးထားပါတယ်။ မနေ့က ကျွန်မတို့ ဥပုသ်လ အစပထမရက်မို့ အိမ်မှာ စီစဉ်စရာလေးတွေရှိတော့ နေ့လယ်ကတည်းက စောပြန်လာတာမှာ ဆိုင်ဘက်မှာ ကလေးပျောက်တယ် ဖြစ်တာပဲ" လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သဲသဲတုန်နဲ့ အတူ ပျောက်ဆုံးနေတဲ့ အောင်ပြည့်စုံကလည်း အဆိုပါကားပစ္စည်းဆိုင် အနီးနေထိုင်ကြတဲ့ စည်ပင်လုပ်သားမိသားစုရဲ့ သားငယ်လို့ သိရှိရပြီး ဆော့ဖော်ဆော့ဖက်တွေလို့ ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးနှစ်ဦးကို မနေ့က ည ၁၂ နာရီကျော်အထိ ရှာဖွေနေသလို ဒီနေ့ မနက်မှာလည်း ဆက်လက်ရှာဖွေနေပြီး ရပ်မိရပ်ဖ‌တွေနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

မိသားစုဝင်‌တွေအလွန်စိုးရိမ်ပူပန်လျက်ရှိတာမို့ ပျောက်ဆုံးကလေးနှစ်ဦးကို တွေ့ရှိပါက 09252574562 နဲ့ 09977731898 စတဲ့ဖုန်းနံပါတ်တွေဆီ ဆက်သွယ်ပေးပါရန်လည်း မေတ္တာရပ်ခံထားပါတယ်။

imageimage