လိုင်စင်စည်းကမ်းချက်များ လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို အရေးယူဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

◾️ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှိရမည့်အင်္ဂါရပ်များ၊ အချက်အလက်များ ပြည့်စုံစွာတင်ပြလာပါက ကြန့်ကြာမှုမရှိဘဲ လိုင်စင်ခွင့်ပြုထုတ်ပေးနေ

ဖေဖော်ဝါရီ ၂၀
Written by Nyein Kyaw

လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ကျင်းပသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၆) တွင် ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူ့ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်လည်း ဟန်ချက်ညီညီ ဝန်ဆောင်မှုပေးရန် လိုအပ်သည့်အတွက် စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှိရမည့်အင်္ဂါရပ်များ၊ အချက်အလက်များ ပြည့်စုံစွာတင်ပြလာပါက ကြန့်ကြာမှုမရှိဘဲ လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဆေးရုံဖွဲ့စည်းပုံများ ဆေးရုံအင်္ဂါရပ်နှင့် ညီညွတ်စွာ တည်ထောင်ဖွင့်လှစ်ရန်ရည်ရွယ်၍ ကြိုတင်ထောက်ခံချက်တင်ပြရန် အလေးထား ဆောင်ရွက်လျက်ရှိပြီး အတည်ပြုထားသော ဗိသုကာပုံစံအတိုင်း တည်ဆောက်ရန် ထိန်းကျောင်းကြီးကြပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့အတူ လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကိုလည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်သူများ လုံခြုံစိတ်ချရသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်ရည်ရွယ်၍ ပုဂ္ဂလိကကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းများနှင့် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်နိုင်ရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၆ခုနှစ်)ကို ပြဋ္ဌာန်းခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါ ပြင်ဆင်သည့်ဥပဒေအရ လိုင်စင်မရှိဘဲ ပုဂ္ဂလိကဆိုင်ရာ ဆေးရုံ၊ ကုသမှုအထောက်အကူပြုသင်တန်းကျောင်းနှင့် ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများ လုပ်ကိုင်သူများသည် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်ပြီး ခြားပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း တစ်ရပ်ရပ်ကိုလည်း လိုင်စင်မရှိဘဲ လုပ်ကိုင်သူများသည် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

imageimage