MMQR စတင်ခဲ့သည့် တစ်နှစ်အတွင်း အသုံးပြုသူ ကုန်သည်ပေါင်း ၄၂၀,၀၀၀ ကျော်နှင့် လူဦးရေ ၂၄ သန်းကျော်ရှိနေပြီး ငွေပမာဏအားဖြင့် ကျပ် ၁၂ ထရီလျံကျော်အထိရှိ

ဖေဖော်ဝါရီ ၂၀
Written by Nyein Kyaw

ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချစေရန် ဗဟိုဘဏ်မှ ဆောင်ရွက်ခဲ့သည့် မြန်မာကြူအာကုတ် MMQR စတင်ခဲ့သည့် တစ်နှစ်အတွင်း အသုံးပြုသူ ကုန်သည်ပေါင်း ၄၂၀,၀၀၀ ကျော်နှင့် လူဦးရေ ၂၄ သန်းကျော်ရှိနေပြီး ငွေပမာဏအားဖြင့် ကျပ် ၁၂ ထရီလျံကျော်အထိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း မရှိသေးသူများသာမက ရှိပြီးသားသူများကိုပါ ငွေရေးကြေးရေးစနစ်တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကို ရယူနိုင်ရန်နှင့် ငွေသားကိုင်တွယ်သုံးစွဲမှုအား လျှော့ချနိုင်ရေးအတွက် ဗဟိုဘဏ်အနေဖြင့် မြန်မာကြူအာကုတ် MMQR ကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

MMQR စတင်ပေါ်ပေါက်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ MMQR အသုံးပြုမှုအနေဖြင့် Transaction သန်း ၃၀ ကျော်၊ ငွေပမာဏအားဖြင့် MMK ၁၂ ဒသမ ၇ ထရီလျံကျော်၊ MMQR အသုံးပြုသည့် ကုန်သည်ပေါင်း ၄၂၀,၀၀၀ ဦးကျော်နှင့် အသုံးပြုသူလူဦးရေ ၂၄ သန်းကျော်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဗဟိုဘဏ်၏ MMQR ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Mobile Wallet တစ်ခုကိုသာ အသုံးပြုပြီး ငွေပေးချေနိုင်မည်ဖြစ်သလို ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားစရာမလိုဘဲ တစ်မျိုးတည်းဖြင့် Mobile Wallet အမျိုးမျိုးကို လက်ခံနိုင်ခြင်းဖြစ်သည်။

image