6 ရက် - ဘာသာပြန်ပါ။

Facebook၊ Tiktok များ၌ သာသနာတော် ဂုဏ်ရှိန်ညှိုးမှိန်စေသည့် ကိစ္စရပ်များအတွက် ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်သောသံဃာအင်အားကို လိုအပ်နေဟု နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌဆရာတော် မိန့်ကြား

ဖေဖော်ဝါရီ ၂၀

Facebook၊ Tiktok များ၌ သာသနာတော် ဂုဏ်ရှိန်ညှိုးမှိန်စေသည့် ကိစ္စရပ်များအတွက် ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်သောသံဃာအင်အားကို လိုအပ်နေဟု နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်မြတ်က မိန့်ကြားသည်။

ဖေဖော်ဝါရီ ၁၉ ရက်က မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့တွင် ဆရာတော်က အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ မိန့်ကြားရာတွင် ထိုသို့ထည့်သွင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဆရာတော်က အစည်းအဝေးသို့ နိုင်ငံတော်တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးရှိသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ကို သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် မရှိလျှင် မဖြစ်၊ မပါလျှင်မပြီး အရေးကြီးသောအချက် လေးချက်ကို တင်ပြလျှောက်ထားရာတွင် ထည့်သွင်းမိန့်ကြားခဲ့ကြောင်း သိရသည်။

“ယနေ့ခေတ်ကာလအားလျော်စွာ ဖေ့ဘုတ်၊ တစ်တော့စသော လူမှုကွန်ရက်တွင် သာသနာတော်အတွင်းသား ရဟန်းသာမဏေ သီလရှင်များ၏ သမဏသာရုပ္ပမဖြစ်သော အပြုအမူများ လွှင့်တင်ဆောင်ရွက်နေခြင်း၊ ဓမ္မဝိနယနှင့် မလျော်ညီဘဲ ဟောပြောပြသနေကြခြင်း၊ သာသနာအတွင်းသားမဟုတ်သည့် ပုဂ္ဂိုလ်များ၏ သာသနာတော်၏ ဂုဏ်ရှိန်ကို ညှိုးမှိန်စေသည့် ပြောဆိုပြုမူနေခြင်းများကိုလည်း မကြာခဏတွေ့မြင်နေရရာ ထိုသို့သော သာသနာတော် ဂုဏ်ရှိန်ညှိုးမှိန်စေသည့် ကိစ္စရပ်များအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေး စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်နေပါသည်ဘုရား” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်သောသံဃာအင်အားကို အမှန်တကယ် လိုအပ်နေကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

“ထိုကိစ္စရပ်များနှင့်ပတ်သက်၍ ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်သောသံဃာအင်အားကို အမှန်တကယ် လိုအပ်နေသည်ဖြစ်ရာ တပည့်တော်တို့ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များအနေဖြင့်လည်း မိမိတို့၏ အခြေခံဒေသအတွင်း ကြောင့်ကြမဲ့မနေဘဲ အားဖြည့်ကူညီဆောင်ရွက်ပေးရေး လျှောက်ထားလိုပါသည်ဘုရား” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

image