အငှားယာဉ်စီးနင်းခ စင်ကာပူဒေါ်လာ ၂၄ ဒေါ်လာပေးရန် ငြင်းဆန်သည့်အပြင် အသက် ၇၃ နှစ်အရွယ် အငှားယာဉ်မောင်းကို ရဲစခန်းရှေ့ပါးရိုက်ခဲ့သည့် အရက်မူးနေသော စင်ကာပူအမျိုးသမီး ထောင်ချခံရ
သက်တံ့
ဖေဖော်ဝါရီ ၂၀
အငှားယာဉ်စီးနင်းခ ပေးဆောင်ရန် ငြင်းဆန်သည့်အပြင် အသက် ၇၃ နှစ်အရွယ် အငှားယာဉ်မောင်းအဘိုးအိုကို ရဲစခန်းရှေ့၌ ပါးရိုက်ခဲ့သည့် မူးယစ်နေသော အမျိုးသမီးတစ်ဦးအား စင်ကာပူတရားရုံးက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၉ ရက်)တွင် ထောင်ဒဏ် ၂ ပတ် ချမှတ်လိုက်သည်။
အသက် ၃၆ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသူ ရှာလနီ ဒီဗာရာဂျန် (Shalini Devarajan) သည် တစ်ပါးသူကို တမင်သက်သက် နာကျင်စေမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှာလနီသည် အငှားယာဉ်ပေါ်သို့ တစ်ဦးတည်း စီးနင်းခဲ့ပြီး ယီရွှန်း (Yishun) လမ်းရှိ အိမ်ရာဝန်းတစ်ခုသို့ ပို့ဆောင်ပေးရန် ခိုင်းစေခဲ့သည်။
ယာဉ်မောင်းဖြစ်သူက ခရီးသည်အမျိုးသမီးထံမှ အရက်နံ့များ ရနေသည်ကို သတိပြုမိသော်လည်း အိပ်ပျော်နေသည့် သူမကို သတ်မှတ်ထားသောနေရာသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။
သတ်မှတ်နေရာသို့ ရောက်ရှိသောအခါ ယာဉ်မောင်းက သူမကို နှိုး၍ ယာဉ်ခ စင်ကာပူဒေါ်လာ ၂၄ ဒေါ်လာ ကျသင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ရှာလနီက သူမတွင် လက်ငင်းငွေသားမရှိသလို အွန်လိုင်းမှ ငွေပေးချေရန် နည်းလမ်းလည်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ သူမက ပိုက်ဆံယူရန် အပေါ်ထပ်ရှိ သူမ၏ အခန်းသို့ သွားမည်ဟု ပြောသော်လည်း သူမ၏ ဖုန်းကို အပေါင်အဖြစ် ထားခဲ့ရန် ယာဉ်မောင်း၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။ ယာဉ်မောင်းက သူမနောက်သို့ အခန်းအထိ လိုက်ယူမည်ဟု ပြောဆိုသော်လည်း သူမက ထပ်မံ ငြင်းဆန်ခဲ့သည်။ ထို့နောက် ရှာလနီက သူမကို ရဲစခန်းသို့သာ ပို့ရန် ယာဉ်မောင်းကို စိန်ခေါ်ခဲ့သည်။
ရဲစခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် ရှာလနီသည် ယာဉ်မောင်းကို ဆဲဆိုခြင်း၊ ယာဉ်မောင်းနှင့် ကားကို ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ခဲ့သော်လည်း ယာဉ်မောင်းကမူ တစ်ခွန်းမျှ ပြန်လည်ပြောဆိုခြင်း မရှိခဲ့ပေ။ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ယီရွှန်းရဲစခန်းရှေ့သို့ ရောက်ရှိချိန်၌ ရှာလနီသည် ကားပေါ်မှ ဆင်းဆင်းချင်း ယာဉ်မောင်းအဘိုးအို၏ ဘယ်ဘက်ပါးကို တစ်ချက် ရိုက်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ယာဉ်မောင်းမှာ နာကျင်မှုဝေဒနာ ခံစားခဲ့ရပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကာ ဆေးခွင့်တစ်ရက် ယူခဲ့ရသည်။
တရားခွင်တွင် အစိုးရရှေ့နေက ယာဉ်မောင်းသည် ရန်စမှုများကို အတတ်နိုင်ဆုံး သည်းခံပြီး ပရော်ဖက်ရှင်နယ်ဆန်စွာ လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ယာဉ်မောင်းများသည် ကာကွယ်စောင့်ရှောက်ပေးသင့်သည့် ထိခိုက်လွယ်သော လူတန်းစားဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
ရှာလနီက သူမ၏ အိတ်ကပ်ထဲတွင် ဒေါ်လာ ၅၀ တန် တစ်ရွက် ရှိနေသည်ကို ထိုစဉ်က မသိခဲ့ကြောင်း၊ သူမတွင် မိသားစု အထောက်အပံ့မရှိဘဲ ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း လျှော့ပေါ့သက်ညှာခွင့် တောင်းခဲ့သည်။
သို့သော်လည်း ယာဉ်မောင်းအတွက် ဆေးဖိုး စင်ကာပူဒေါ်လာ ၁၇၂ ဒေါ်လာကိုပင် ပေးလျော်နိုင်ခြင်း မရှိသည့်အပြင် ယခင်က ပေးလျော်ရန် ကတိပေးခဲ့သော်လည်း ပျက်ကွက်ခဲ့သည့်အတွက် တရားသူကြီးက သူမကို ထောင်ဒဏ် ၂ ပတ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
Ref: CNA