4 ပတ် - ဘာသာပြန်ပါ။

❝မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလ ဖေဖော်ဝါရီ ၁၆ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ သုံးသောင်းခန့် လာရောက်ခဲ့❞

ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ စတင်ကျင်းပလျှက်ရှိရာ ပွဲတော်ကာလ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်ရှည်များအပါအဝင် ဖေဖော်ဝါရီ ၁၆ ရက်အထိ ဘုရားဖူးပြည်သူ ၃၀၀၀၀ ခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော တပို့တွဲလဆန်း ၅ ရက် ကစပြီး မြန်မာနှစ်ဆန်း ၁ ရက် အထိ (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ) ရက် ပေါင်း ၈၆ ရက်ကြာ ကျင်းပနေခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်ဟုဆိုသည်။

လက်ရှိတွင် နေ့စဉ် ယာဉ်ဝင်ထွက်မှုအနေဖြင့် ကားအစီးရေပေါင်း ၅၀ နှင့် ၁၀၀ ကြားရှိပြီး ယခင်နှစ်ဘုရားပွဲတော်ကာလထက် ယခုနှစ်တွင် ထူးထူးခြားခြား ပိုမိုစည်ကားခဲ့သဖြင့် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ယခုတစ်ပတ် အစိုးရရုံးပိတ်ရက်ရှည်ကာလများတွင် တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ လာရောက်ခဲ့ကြသလို Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်တွင် ဘုရားဖူးခရီးသွားများ ယခုထက်ပိုမိုစည်ကားနိုင်သည်ဟု ဘုရားဂေါပကအဖွဲ့က ခန့်မှန်းထားသည်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သည် သင်္ကြန်ရုံးပိတ်ရက်ကာလများတွင် အစည်ကားဆုံးဖြစ်သလို တပေါင်းလပြည့်နေ့မတိုင်မီ ဘုရားဖူးလာရောက်လေ့ရှိသော မန်းရွှေစက်တော်ရာဘုရားကြီးအနီးရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံများက ​ရှေးရိုးရာအစဉ်အလာမပျက် လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးလာရောက်နိုင်ရေး စီစဉ်လျက်ရှိကြသည်ဟုလည်း သိရသည်။

imageimage