❝မသင်္ကာဖွယ် ကား ၃ စီးကို စစ်ဆေးရာမှ အထောက်အထားမဲ့ မြန်မာ ၂၈ ဦးကို ဖမ်းမိခဲ့ဟုဆို❞

 ဖေဖော်ဝါရီ ၁၈

ထိုင်းနိုင်ငံ၊ ဖိချိတ် (Phichit)ခရိုင်၊ ဝချီရာဘာရာမီမြို့နယ်၊ နောင်လုံကျေးရွာအနီး ဖိစနုလောက်-နခွန်စဝမ် လမ်းမကြီး (အဝေးပြေးလမ်း ၁၁၇) ပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မသင်္ကာဖွယ် ကား ၃ စီးကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၈ ဦးနှင့် ယာဉ်မောင်း ၃ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြမှုအရ သိရသည်။

ယင်းဖြစ်စဥ်သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများသည် ဖိချိတ်ခရိုင်၌ အလုပ်လုပ်ရန်အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၈,၅၀၀ စီပေးကာ နယ်စပ်တောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟုဆိုသည်။

ထို့နောက် ချင်းမိုင်ခရိုင်တွင် တစ်ညအိပ်တည်းခိုခဲ့ကာ ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများသို့ ဆက်လက်သွားရောက်စဥ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိတွင် ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဝချီရာဘာရာမီ ရဲစခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

imageimage