လာမယ့်ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေ ရှိနေ

လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“အခု ဒီနေ့လယ်ပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်ပြီပေါ့။ ပြီးသွားရင် အနောက်မြောက်ဘက်ကို ဆက်ရွေ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်လောက်မှာ သီရိလင်္ကာကို ဝင်သွားနိုင်တယ်။ သီရိလင်္ကာနား ရောက်ရင်တော့ နည်းနည်းလေး အားကောင်းလာနိုင်တယ်။ မုန်တိုင်းငယ် အဆင့်လောက်တော့ ရောက်နိုင်တယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့လောက်ကျရင်တော့ မုန်တိုင်းငယ် ဖြစ်လာနိုင်ခြေ ရှိပေမယ့် အတိအကျတော့ ပြောလို့မရသေးဘူး” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဟာ ဆက်လက် တည်ရှိနေပြီး အနောက် - အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့မှာ ပိုမို အားကောင်းလာနိုင်တယ်လို့ မိုး/ဇလဌာနက ခန့်မှန်းထားပါတယ်။
“သင်္ချာပုံစံပြုမော်ဒယ် ခန့်မှန်းချက်အရ အီကွေတာနား တအားကပ်တဲ့အချိန်ကျ တစ်ခါတလေကျရင် အားပျော့သွားတတ်တာမျိုးတွေလည်း ရှိနေတော့ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အခုလို အခြေအနေကြောင့် လာမယ့် ဖေဖော်ဝါရီ ၁၉ ၊ ၂၀ နဲ့ ၂၁ ရက်နေ့တွေအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသတွေနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
“မိုးရွာနိုင်ပေမယ့် ဒီအချိန်ကတော့ မိုးကြီးစရာအကြောင်း မရှိဘူး။ လေဖိအားနည်းရပ်ဝန်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်ရယ်၊ နောက်တခုက ထိုင်းပင်လယ်ကွေ့ကနေ ရွေ့လာတဲ့ တိမ်တိုက်တွေနဲ့ပေါင်းပြီး မိုးအနည်းငယ်လောက်ပဲ ရွာမှာပါ။ အရှေ့ပိုင်းဒေသတွေ ဆိုရင်လည်း တရက်၊ နှစ်ရက်လောက်ပဲ မိုးရနိုင်တယ်။ လက်ရှိကတော့ တောင်ပိုင်းစွန်းနဲ့ အရှေ့ပိုင်းမှာ မိုးရွာနိုင်ခြေ တွေ့ရတယ်။ ကျန်တဲ့ ဒေသ‌တွေကတော့ မိုးအခြေအနေ သိပ်မတွေ့ရဘူး” လို့ သူက ပြောပါတယ်။
လက်ရှိကာလမှာ အခုလို လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာတာဟာ ထူးခြားဖြစ်စဥ်လို့ ပြောလို့မရဘဲ ဒီလို ဖြစ်စဉ်တွေဟာ လေး၊ ငါး၊ ခြောက်နှစ် ကာလအတွင်း တကြိမ် ဖြစ်ပေါ်တတ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အခုနှစ်မှာ အားနည်းတဲ့ လာနီညာဖြစ်စဉ်လည်း ရှိနေတဲ့အတွက် လာနီညာရဲ့ သက်ရောက်မှုကြောင့်လည်း အီကွေတာအနီးမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာတဲ့ အနေအထားမျိုးလို့ သူက ပြောပါတယ်။
“နောက်တခုကတော့ ဒီရက်ပိုင်းထဲ နည်းနည်းလေး ပြန်အေးနေတယ်။ ပြီးသွားရင်တော့ ဆောင်းအကုန်၊ နွေအကူး ရောက်တဲ့အခါကျရင် နေ့အပူချိန်တွေက တဖြည်းဖြည်း မြင့်လာတော့မှာပေါ့။ အဲဒီအချိန်ကျရင်တော့ ဒီအပူကြောင့် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကိုလည်း သတိပြုဖို့လိုတယ်။ တအားပူလာပြီ ဆိုရင်လည်း မွန်းလွဲ၊ ညနေပိုင်းတွေမှာ မိုးတိမ်တောင် ဖြစ်စဉ်မျိုးတွေ ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။
မိုးတိမ်တောင် ဖြစ်စဉ်တွေဟာ များသောအားဖြင့် မတ်လအတွင်းမှာ အဖြစ်နည်းတတ်ပြီး ဧပြီလနဲ့ မေလမှာ အဖြစ်များတတ်တာကြောင့် အဲဒီကာလတွေ ရောက်ရှိတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။
မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းလာပါက အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းတလျှောက်မှာ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ဒီသဘာဝ ဘေးတွေကိုလည်း သတိပြုရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်တွေအရ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုး အနည်းငယ် ရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၆၀ ဖြစ်ကာ နောက် နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ကတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ သိရပါတယ်။

image