သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ စျေးကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဩသဓာဘိဝံသဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။
ဆရာတော်ကြီးဟာ ဆဋ္ဌသံဂါယနာတင်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ မတ်လအထိ နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူခဲ့တယ်လို့ သိရပြီး ပျံလွန်တော်မူချိန်မှာ သက်တော် (၁ဝ၄) နှစ်၊ ဝါတော် (၈၄) ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
“ဆရာတော်ကြီးက မွေးရပ်ဇာတိ ဆန်နီချောင် သံအိုးကင်းရွာကို အလည်သဘော ရောက်နေတဲ့အချိန်မှာ ကျန်မားရေး ဖောက်လာတာပါ။ ရွာသူ၊ ရွာသား တပည့် ဒါယိကာ၊ ဒါယိကာမတွေ ဖူး​မျှော်ကန်တော့ဖို့အတွက် ပူဇော်ပွဲ ကျင်းပမယ့် မနက်စောစောအချိန်မှာ ကျန်းမာရေးကိစ္စ ဖြစ်လာလို့ ညောင်တုန်းမြို့ကို ပြန်ကြွတဲ့အချိန်မှာ ပျံလွန်တော်မူခဲ့တာ” လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အန္တိမစျာပန ကျင်းပနိုင်ဖို့အတွက် လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေ ဆွေးနွေးနေဆဲဖြစ်ပြီး ဈာပန အခမ်းအနား ကျင်းပပြုလုပ်မယ့်ရက်ကို ထပ်မံ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော် ဘဒ္ဒန္တ သြသဓာဘိဝံသ ကို ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာမှာ ခမည်းတော် ဦးဘိုးချိန်၊ မယ်တော် ဒေါ်မယ်သင်တို့က မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် (တနင်္ဂနွေနေ့)၊ မနက် ၉ နာရီအချိန်မှာ ဖွားမြင်တော်မူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော်လောင်းလျာဟာ ၁၂၉၁ ခုနှစ်၊ ၁၂၉၅ ခုနှစ်နဲ့ ၁၃၀၀ ပြည့်နှစ် နတ်တော်လတို့မှာ ဇေယျသိင်္ဂီကျောင်း ဆရာတော် ဦးအဂ္ဂဝံသ ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ အဖြစ်ကို သုံးကြိမ် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
၁၃၀၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်မှာတော့ မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာ၊ ဇေယျသင်္ဂီကျောင်းတိုက် ပဓာန နာယက ဆရာတော် ဦးအဂ္ဂဝံသကို ဥပဇ္ဈာယ်ပြုပြီး အဘိုး ဦးဘိုးလှိုင်၊ အဘွား ဒေါ်ခင်၊ အဒေါ် ဒေါ်သဲလှိုင် တို့ရဲ့ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်တဲ့ ရဟန်းအဖြစ်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ဆန်နီချောင်ကျေးရွာ ဇေယျသင်္ဂီကျောင်းတိုက်၊ ကျုံပျော်မြို့ ဝေဠုဝန်ကျောင်းတိုက်၊ ညောင်တုန်းမြို့ ပုပ္ပားကျောင်းတိုက်၊ ပါဠိတက္ကသိုလ် ထုံးဘိုကျောင်းတိုက်၊ သပြုကျေးရွာ ကျောင်းကြီးကျောင်း၊ မန္တလေးမြို့ ထီလင်းတိုက် ဇောတိကာရုံအုဌ်ကျောင်း၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ညောင်တုန်းမြို့ စျေးကျောင်းတိုက်တို့မှာ ပရိယတ္တိစာပေတွေကို သင်ယူခဲ့တယ်လို့ သိရပါတယ်။
၁၃၀၄ ခုနှစ်၊ ၁၃၀၅ ခုနှစ်တွေအတွင်း ဂျပန်ခေတ် ဝိနည်း စာမေးပွဲမှာ အလတ်တန်းနဲ့ အကြီးတန်း၊ ၁၃၁၆ ခုနှစ်မှာ နိုင်ငံတော် အစိုးရ ပါဠိတက္ကသိုလ် ဓမ္မာစရိယ စာချတန်း စာမေးပွဲ ကျမ်းရင်း သုံးကျမ်းနဲ့ ဂုဏ်ထူး ငါးကျမ်း အောင်မြင်ခဲ့တာကြောင့် သာသနာဓဇ သိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညောင်တုန်းမြို့၊ သုဓမ္မာပရိယတ္တိ ပထမပြန်စာမေးပွဲမှာ ဓမ္မာစရိယတန်းကိုလည်း အောင်မြင်ခဲ့တဲ့အတွက် သုဓမ္မာပရိယတ္တိ ဓမ္မာစရိယ အဘိဝံသ ဘွဲ့တံဆိပ်တော်ကို အလှူခံ ရရှိတော်မူခဲ့တဲ့အပြင် သုဓမ္မာပရိယတ္တိ ဂုဏဝိသိဋ္ဌဓရ၊ ပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဋ္ဌ ဘွဲ့တွေကိုလည်း ရရှိတော်မူခဲ့တယ်လို့ သိရပါတယ်။
သာသနာရေး ဆောင်ရွက်ချက်တွေကတော့ ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ဆဋ္ဌသင်္ဂီတိကာရက၊ ဆဋ္ဌသင်္ဂီတိဘာဏက၊ ညောင်တုန်းမြို့နယ်လုံးဆိုင်ရာ သုဓမ္မာအဖွဲ့ချုပ်ကြီးရဲ့ အကျိုးတော်ဆောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာပရိယတ္တိ စာပြန်ပွဲကြီးရဲ့ မဟာနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်နဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်တာဝန်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်နဲ့ မန္တလေး) တို့ရဲ့ သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်နဲ့ ဒုတိယ အဓိပတိ တာဝန်တွေကို ထမ်းဆောင်တော်မူခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ယုံကြည် လေးစားသောအားဖြင့် ၁၃၅၂ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ ၁၃၆၅ ခုနှစ်မှာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ ၁၃၆၈ ခုနှစ်မှာ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို လည်းကောင်း နိုင်ငံတော်အစိုးရက ဆက်ကပ် လှူဒါန်း ပူဇော်ခဲ့တယ်လို့ သိရပါတယ်။

image