ပီရီရာကို လာမယ့်နှစ်ရာသီအကုန်အထိ စာချုပ်ဖြင့် နော်တင်ဟမ်ဖောရက်စ် ခန့်အပ်လာ
====================
နော်တင်ဟမ်ဖောရက်စ်ဟာ ယခုရာသီ စတုတ္ထမြောက်နည်းပြအဖြစ် ဗစ်တာပီရီရာကို လာမယ့်နှစ်ရာသီအကုန်အထိ စာချုပ်ဖြင့် ခန့်အပ်လာပါတယ်။
အသက် ၅၇ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ကြာသပတေးနေ့နံနက်ပိုင်းတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ရှောင်ဒိုက်ချီနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။
ပီရီရာဟာ ဝုဗ်ကို ၁၁ လကြာကိုင်တွယ်ပြီးနောက် နိုဝင်ဘာလတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ယခုအခါ ပရီးမီးယားလိဂ်သို့ တကျော့ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေကာ တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
ပီရီရာဟာ နူနိုအက်စ်ပီရီတိုဆန်တို၊ အန့်ပိုစတီကိုဂလူ၊ ရှောင်ဒိုက်ချီတို့ ပြီးနောက် ယခုရာသီ ဖောရက်စ်ရဲ့ စတုတ္ထမြောက်နည်းပြလည်း ဖြစ်ပါတယ်။
ပီရီရာဟာ ဝုဗ်ကို ၃၈ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၄ ပွဲ နိုင်ပွဲ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ရာသီနှောင်းပိုင်းတွင် ရလဒ်ကောင်းများ ဆက်တိုက် ရယူကာ တန်းမဆင်းရအောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဖောရက်စ်အသင်းပိုင်ရှင်အီဗန်ဂျီလို့စ် ပိုင်ဆိုင်တဲ့ အိုလံပီယာကို့စ်ကိုလည်း ကိုင်တွယ်ဖူးပြီး အမှတ်ပေးဖလားနှင့် ဂရိရှုံးထွက်ဖလားတို့ ရယူပေးနိုင်ခဲ့ပါတယ်။
ပီရီရာဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝုဗ်နည်းပြဖြစ်လာပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၂ မှတ်တည်းသာ ရရှိကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်တွင် ပေါ်တူဂီကလပ် ဆန်ဂျိုအာနက်စ်ကိုကိုင်တွယ်ကာ နည်းပြဘဝစတင်ပြီးနောက် ဂျာမနီ၊ တရုတ်၊ ဘရာဇီး၊ ဆော်ဒီ၊ တူရကီ၊ ဂရိတို့တွင်လည်း ကျင်လည်ခဲ့ဖူးသူ ဖြစ်ပြီး ဝုဗ်မှာ သူ့ရဲ့ ၁၅ ခုမြောက်ကလပ်ဖြစ်ပါတယ်။