မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံး

မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား နှစ်ယောက်ဟာ အသက် ၁၈ နှစ်နဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ညီအစ်ကိုတွေဖြစ်ပြီး ကူမဲမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြောင်း သိရပါတယ်။
" ညီက ရေနစ်တာကို အစ်ကိုက လိုက်ကယ်ရင်းကနေ ညီအစ်ကိုနှစ်ယောက်လုံး ရေနစ်သေဆုံးတာလို့ သိရတယ် ။သူတို့က ကူမဲကနေ မြစ်သားကို လာပြီး ကွန်ပစ်ငါးဖမ်းကြတာလို့သိရတယ်။ သူတို့နဲ့အတူ လာသူတွေလည်းရှိတယ်။ ရေနစ်တော့ အတူပါလာသူတွေက အကြောင်းကြားလို့ ကယ်ဆယ်ရေး လုပ်ခဲ့တာပါ ။ " လို့ ရှာဖွေကူညီရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ကျောက်ဆည်)ရဲ့ ဥက္ကဋ္ဌ ကိုသားငယ်က ပြောပါတယ်။
ရေနစ်ပျောက်ဆုံး အမျိုးသားတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ၊ ရုပ်အလောင်းတွေကို ဇာတိ ကူမဲမြို့ရှိ ၊ မိသားစုဝင်တွေဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။
အရင်လ ‌‌ဇန်နဝါရီ ၁ရက် ညနေပိုင်းကလည်း မန္တလေးမြို့၊ အနောက်ကမ်းနားလမ်း၊ ဧရာဝတီမြစ်၊ အမြောက်ဆိပ်မှာ ရေဆင်းကူးတဲ့ ကလေးငယ်တွေထဲက တယောက်ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊စမုံချောင်းအတွင်းမှာ Grade 12 ကျောင်းသား နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး သေဆုံးမှုရှိခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၈ ရက်နေ့ကလည်း မန္တလေး တိုင်း ၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေးကုန်းကျေးရွာရှိ ထုံးကြီးချောင်းထဲမှာ နွားမျောသွားလို့ လိုက်ဆယ်ယူခဲ့တဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်ကလည်း မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်၊ ကျီးနီကန်မှာ ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်မြုပ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

image