စပါးစျေးကွက်မကောင်းတဲ့အတွက် ထပ်ပြီးရှုံးမှာကြောက်လို့ တောင်သူတွေ နွေစပါးကို မစိုက်လိုကြ

စပါးစျေးကွက်က အကျဘက်မှာရှိနေပြီး စျေးကွက်မကောင်းတဲ့အတွက် ထပ်မံပြီး အရှုံးနဲ့ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် တောင်သူတွေအနေနဲ့ ယခုနှစ်မှာ နွေစပါးကို စိုက်ပျိုးလိုခြင်း မရှိကြောင်း တောင်သူတွေက ပြောပါတယ်။
တောင်သူတွေအနေနဲ့ အရှုံးကိုရင်ဆိုင်ရနိုင်တဲ့အတွက် နွေစပါးကို မစိုက်ပျိုးလိုပေမယ့်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက နွေစပါးကို မဖြစ်မနေ စိုက်ပျိုးခိုင်းနေတာကြောင့် တောင်သူတွေမှာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ နွေစပါးစိုက်ပျိုးဖို့အတွက် ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို ဆည်ရေတွေ စတင်လွှတ်ပေးနေပြီး စိုက်ပျိုးမှုကို တောင်သူအစီအစဥ်နဲ့ စပါးပက်ကြဲခြင်းအစား အစေ့ချစက်သုံးပြီးသာ စပါးမျိုးစေ့ချ စိုက်ပျိုးရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
" နွေစပါးမလုပ်ချင်ဘူး ။ခုစပါးစျေးနဲ့ဆိုရင် ရှုံးမယ်ဆိုတာ သိနေတယ်။ တွက်လို့ရတယ်လေ။ အရင်နှစ်နွေစပါးကလည်း ရှုံးတယ်။ ခုမိုးစပါးလည်း ရှုံးတယ်။ အခုဒီနှစ်နွေစပါးပါ ထပ်ရှုံးရင် ကျွန်တော်တို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး ။ လယ်ဧက များလေအရှုံးများလေပဲ ။ လယ်သမားက တနှစ်ရှုံးရင်တောင် လိုက်မမီတာ။အခုက ရှုံးတာ ဆက်တိုက်ဖြစ်နေပြီ။ ဒါပေမယ့် မစိုက်လို့မရတဲ့အပြင် ဒီတိုင်းတောင်ကြဲလို့မရဘူး ။အစေ့ချစက်နဲ့ကြဲရမယ် ပြောတယ် ။ အခုဆည် ရေတွေကလည်း ရောက်နေပြီ ။ " လို့ ပဲခူးအနောက်ပိုင်းက တောင်သူတ​ယောက်က ပြောပါတယ်။
မိုးစပါးပေါ်ချိန်တုန်းက စပါး ပေါင် ၅၀ ရှိ တင်းတရာ ကို ကိုးသိန်းကျပ်ကနေ ဆယ်သိန်းငါးသောင်းကျပ်အထိသာ စျေးပေါက်ခဲ့တာကြောင့်.ယခုနှစ်နွေစပါး ပေါ်ချိန် ရိတ်သိမ်းချိန်မှာလည်း စပါးစျေးက အဆိုပါမိုးစပါးစျေးကွက် အတိုင်းသာ ရှိနိုင်ကြောင်း တောင်သူတွေက ခန့်မှန်းထားကြပါတယ်။
အဲဒီစျေးနူန်းအတိုင်းသာပေါက်ပါက တောင်သူတွေအနေနဲ့ တဧကကို စပါးတင်းတရာ ထွက်ရှိမှသာ စိုက်ပျိုးရိတ်သိမ်းကုန်ကျမှုစရိတ်ရရှိရုံသာ ဖြစ်ကြောင်း ၊တကယ်လို့ စပါးတင်း ၆၀ မှ ၇၀ ကြားသာ ထွက်ရှိပါက အရှုံးနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တောင်သူတွေအနေနဲ့ နွေစပါးကို စိုက်ပျိုးလိုခြင်းမရှိဘဲ မိုးကြိုစပါးအဖြစ်သာ စိုက်ပျိုးဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ် ။

image