ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမယ့် ရာထူးအပေါ် စိုးရိမ်စရာမရှိကြောင်း သောမတ်စ်ဖရန့် ထပ်လောင်းပြောကြားလာ
======================
ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲပျောက်ကာ ဖိအားများအောက် ကျရောက်နေပေမယ့်လည်း သောမတ်စ်ဖရန့်က စပါးစ်နည်းပြရာထူးအတွက် စိုးရိမ်စရာမရှိကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ အင်္ဂါနေ့ညတုန်းက အိမ်ကွင်းတွင် နယူးကာဆယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ယခုရာသီ ၁၁ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ပါတယ်။
စပါးစ်ဟာ နယူးကာဆယ်ရှုံးပွဲကြောင့် တန်းဆင်းဇုန်နှင့် ၅ မှတ်အကွာသို့ ရောက်လာပါတယ်။
ဒါပေမယ့် သောမတ်စ်ဖရန့်ကတော့ စပါးစ်နည်းပြရာထူးမှာ လုံခြုံစိတ်ချရကြောင်း ပြောကြားလာပါတယ်။
နည်းပြရာထူးအပေါ် ခြိမ်းခြောက်ခြင်းခံနေရသလားလို့ မေးမြန်းလာချိန်တွင် ဖရန့်က "မနေ့က သူတို့(ပိုင်ရှင်)နဲ့ စကားပြောခဲ့ပါတယ်။ ဒီတော့ မရှိပါဘူး။ စိတ်ပျက်စရာကောင်းတာ သိပါတယ်၊ အလွယ်ကူဆုံးအလုပ်က ကျွန်တော်ကို လက်ညှိုးထိုးတာပါ။ ကံဆိုးတာက ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေတာပါ။ အလှည့်အပြောင်း ဖြစ်လာအောင် နေ့ရော ညပါ အလုပ်လုပ်ပါမယ်။ ဒါပေမယ့် တစ်ဦးတည်းလုပ်လို့ မရဘူး။ ကျွန်တော်တို့ ပိုကောင်းဖို့ လိုတာ သံသယဝင်စရာ မရှိပါဘူး။ ကျုပ်လည်း အဲဒီထဲက တစ်ဦးဖြစ်နေဖို့ လိုတယ်"လို့ ပြောကြားသွားပါတယ်။
သောမတ်စ်ဖရန့်ဟာ ရာသီအစ ပထမဆုံးပရီးမီးယားလိဂ် ၅ ပွဲတွင် ၁၀ မှတ်အထိ ရယူနိုင်ခဲ့ပေမယ့် နောက် ၂၁ ပွဲတွင် ၁၉ မှတ်တည်းသာ ရယူထားနိုင်ပါတယ်။
စပါးစ်ဟာ ၂၀၀၈ ခုနှစ် ဟွန်ဒီရာမို့စ်နောက်ပိုင်းတွင် အရှည်ကြာဆုံး နိုင်ပွဲပျောက်မှုအဖြစ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ထားပါတယ်။
သောမတ်စ်ဖရန့်ဘက်က အနာဂတ်နှင့်ပတ်သက်ပြီး စိတ်ချရကြောင်း ပြောဆိုနေပေမယ့်လည်း စပါးစ်ဘုတ်အဖွဲ့မှာ ရလဒ်ဆိုးရွားနေမှုနှင့်အတူ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လာရတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် စပါးစ်ပရိသတ်များဟာ သောမတ်စ်ဖရန့်အပေါ် အယုံအကြည်ကင်းမဲ့လာကြပြီး ပွဲအပြီးလှောင်ပြောင်မှုများ ဆက်တိုက် ပြုလုပ်လာနေကြပါတယ်။