လိုင်ယွန်တွင် အငှားဖြင့် ကစားစဉ် ခြေစွမ်းပြကစားနေတဲ့ အန်းဒရစ်ရဲ့အနာဂတ်အား အေးဂျင့်အတည်ပြုပြောကြားလာ
=====================
အန်းဒရစ်ရဲ့အေးဂျင့်က လိုင်ယွန်တွင် အငှားဖြင့် ကစားစဉ် ခြေစွမ်းပြနေတဲ့ ဘရာဇီးတိုက်စစ်မှူးရဲ့ ၂၀၂၆-၂၇ ရာသီတွင် ဘယ်နေရာမှာ ရှိနေမယ်ဆိုတာ အတည်ပြုလာပြီ ဖြစ်ပါတယ်။
အန်းဒရစ်ဟာ လိုင်ယွန်သို့ ရာသီဝက်အငှားဖြင့် ရောက်လာပြီးနောက် ပထမဆုံးကစားတဲ့ပွဲတွင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့သလို မက်ဇ်အား အနိုင်ရတဲ့ပွဲတွင်လည်း ကစားသမားဘဝ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
ယခုအခါ သူ့အေးဂျင့်တီယာဂိုဖရီတစ်က ဘရာဇီးတိုက်စစ်မှူးရဲ့အနာဂတ်ကို အတည်ပြုလာပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ အန်းဒရစ်ဟာ ယခုရာသီတွင် လာလီဂါပွဲ ၁ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရပြီးနောက် ဇန်နဝါရီတွင် လိုင်ယွန်သို့ အငှားဖြင့် ရောက်လာခဲ့တာပါ။
ဖရီတစ်က "အန်းဒရစ်က လိုင်ယန်သို့ ခြောက်လအငှားနဲ့ လာကစားတာပါ။ ဆုံးဖြတ်ချက်က ချပြီးသားပါ။ ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်သို့ ပြန်ပါမယ်။ ဒါနဲ့ပတ်သက်ပြီး မရေရာတာ မရှိသလို လျို့ဝှက်ထားတာလည်း မရှိပါဘူး။ အငှားအတွက်ပဲ သဘောတူထားတာပါ။ အပြီးသတ်ဝယ်မယ့်အချက် မပါပါဘူး။ ဒီတော့ အန်းဒရစ်ပြန်ပါမယ်။ လာမယ့်ရာသီမှာ ဘာဖြစ်လာမလဲ? ဒါကို ကျွန်တော်လည်း မခန့်မှန်းတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အတိအကျ ပြောနိုင်တာက ရာသီကုန်ရင် သူဟာ ရီးရဲလ်မက်ဒရစ်ကစားသမား ထပ်ဖြစ်လာပါမယ်"လို့ ပြောကြားသွားပါတယ်။
အန်းဒရစ်ဟာ လိုင်ယွန်ကစားသမားဘဝ တာထွက်ကောင်းလာခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ် နန့်တက်စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

image