ပြည်သူများနှင့်ထိတွေ့မှုများပြားသည့်ပါတီများမှာ ပြည်သူများ၏ထောက်ခံမှုကိုရရှိခဲ့
ပြည်သူများနှင့်ထိတွေ့မှုများပြားသည့် ပါတီများ၊ ပါတီဝင်စည်းရုံးရေးကိုဆောင်ရွက်နိုင်ခဲ့သည့်ပါတီများမှာ ပြည်သူများ၏ထောက်ခံမှုကိုရရှိခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကျင်းပပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပါတီပေါင်း(၅၇) ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းနှင့် ပြည်နယ် အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်ပါတီ(၆) ပါတီရှိခဲ့ကာ (၃၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်(၁)ဦးရွေး ကောက်ခံခဲ့ရသည်ဟု ပြောသည်။
ထို့ပြင် မဲစာရင်းရလာဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၄၄ ဒသမ ၁၉)ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၁၃ ဒသမ ၃၄)ရာခိုင်နှုန်း၊ ပြည်သူ့ပါတီမှ (၈ ဒသမ ၈၅) ရာခိုင် နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၇ ဒသမ ၆၅) ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ (၆ ဒသမ ၁၇)ရာခိုင်နှုန်းရရှိခဲ့ကြကာ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်းပါဝင်အနိုင်ရရှိခဲ့ကြသည်ဟု ပြောသည်။
" မိမိတို့အနေနဲ့ PR စနစ်နဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့် ပါတီစုံစနစ် (Multi Party စနစ်)ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဘဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ ပြည်သူနဲ့ကင်းကွာလို့ မရပါဘူး"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် နောင်တစ်ချိန်ပြုလုပ်သွားမည့် ရွေးကောက်ပွဲများတွင် ယခုထက်ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ယခုရရှိလာသည့် ရွေးကောက်ပွဲရလဒ်များကိုလည်း ပါတီများအနေဖြင့် သံသယရှိပါက ရွေးကောက်ပွဲကော်မရှင်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်နိုင်သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။