ဆုဖလားများ တိုက်ပွဲအတွက် တစ်လအတွင်း မန်စီးတီးနှင့် အာဆင်နယ်တို့ ၅ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံလာနိုင်
======================
မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ အဓိကဆုဖလားများအတွက် တစ်လအတောအတွင်းတွင် ၅ ကြိမ်အထိ ထိပ်တိုက် ရင်ဆိုင်လာရဖို့ ရှိနေပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မန်စီးတီးအား ၆ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။
ပရီးမီးယားလိဂ်အစဉ်အလာအရ မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ ၂ ကြိမ် ထိပ်တိုက်တွေ့ဆုံပါမယ်။
ဒါပေမယ့် အာတီတာဟာ ဆုဖလားများ ဆွတ်ခူးရေးအတွက် ဆရာဟောင်းဂွါဒီယိုလာရဲ့ မန်စီးတီးနှင့် တစ်လအတော်အတွင်းတွင် ၅ ကြိမ်အထိ ရင်ဆိုင်ရနိုင်ပါတယ်။
၎င်းတို့ဟာ ပထမပွဲအဖြစ် မတ်လ ၂၂ ရက်နေ့တွင် ဝင်ဘာလေကွင်းမှာ ယခုရာသီ ပထမဆုံးဆုဖလား ဆွတ်ခူးရေးအတွက် ခါရာဘောင်ဖလားဗိုလ်လုပွဲ ရင်ဆိုင်ကစားရပါမယ်။
ပြီးလျှင် အာဆင်နယ်ဟာ ဧပြီလ ၁၈ ရက်နေ့တွင် ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာနိုင်တဲ့ပွဲအဖြစ် အီတီဟတ်သို့ သွားရောက်ကာ မန်စီးတီးနှင့် ရင်ဆိုင်ရပါမယ်။
ဒါပေမယ့် ၎င်းတို့ဟာ မတ်လ ၇/၈ ရက်တို့တွင် အက်ဖ်အေဖလားပဥ္စမအဆင့်တွင် ထိပ်တိုက်ရင်ဆိုင်လာနိုင်ပါသေးတယ်။
နှစ်သင်းလုံးဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ကျန်နေဆဲ ဖြစ်ပြီး အာဆင်နယ်က ဝီဂန်နှင့်လည်းကောင်း၊ မန်စီးတီးက ဆဲလ်ဖို့ဒ်နှင့်လည်းကောင်း စတုတ္ထအဆင့်ပွဲကစားရပါမယ်။
ကွာတားဖိုင်နယ်ပွဲများကို ဧပြီလ ၄/၅ တွင် ကစားလာမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲများကို ဧပြီလ ၂၅/၂၆ ရက်တို့တွင် ကစားမှာ ဖြစ်ကာ ဗိုလ်လုပွဲအား မေလ ၁၆ ရက်နေ့တွင် ကစားလာပါမယ်။
ဒါ့အပြင် ၎င်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပါတယ်။
ဒီနှစ်သင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံလာမှာ မဟုတ်ပေမယ့်လည်း ဧပြီလ ၇/၈ နှင့် ဧပြီလ ၁၄/၁၅ ရက်တို့တွင် ကစားမယ့် ကွာတားဖိုင်နယ်တို့တွင် တွေ့ဆုံလာနိုင်ပါတယ်။
၎င်းတို့ဟာ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်တို့တွင်လည်း ဆုဖလားရရှိရေး ကြိုးပမ်းနေကြတာ ဖြစ်ပြီး ထိပ်တိုက်တွေ့လာနိုင်ပါတယ်။
ဂွါဒီယိုလာကိုယ်တိုင်ကလည်း "ဖြစ်လာနိုင်တယ်။ ချန်ပီယံလိဂ်မှာ ဘာဖြစ်လာမလဲ မသိပါဘူး။ ပရီးမီးယားလိဂ်ပွဲစဉ်ကလည်း ကစားဖို့ ရှိသေးတယ်။ အသင်းကောင်းတွေ နောက်ပိုင်းအဆင့်တွေ တက်လာရင် တွေ့လာနိုင်တယ်။ အထူးသဖြင့် ဗိုလ်လုပွဲ တက်ရင်ပေါ့"လို့ ပြောကြားသွားပါတယ်။

image