အီရန်အရေး အိမ်ဖြူတော်တွင် ထရမ့်ပ်နှင့် နေတန်ယာဟု ဆွေးနွေးမည်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ဝါရှင်တန်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံရန် မျှော်လင့်ရပြီး ၎င်းတို့သည် အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်ကာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း မစ္စတာနေတန်ယာဟု၏ရုံးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်အရာရှိများသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိုမန်မြို့တော် မတ်စကတ်၌ နျူကလီးယား အရေး သွယ်ဝိုက်၍ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်စလုံးက မကြာမီတွင် နောက်ထပ်ဆွေးနွေးပွဲများ ကို ထပ်မံကျင်းပရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးမှုများနှင့်ပတ်သက်၍ တေရန်ဘက်မှ ရှင်းလင်းတင်ပြခဲ့သော ဒေသဆိုင်ရာ သံတမန်တစ်ဦးက အမေရိကနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် အီရန်သည် ၎င်း၏ ယူရေနီယံသန့်စင်ပိုင်ခွင့်အပေါ် အခိုင်အမာရပ်တည်ခဲ့ကြောင်းနှင့် တေရန်၏ ဒုံးကျည်စွမ်းရည်များ အကြောင်းသည်ဆွေးနွေးမှုများတွင် မပါဝင်ခဲ့ကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းရှိ အကြီးဆုံးလက်နက်တိုက်များထဲမှ တစ်ခုဖြစ်သည့် အီရန်၏ ဒုံးကျည်များနှင့်ပတ်သက်၍ ဆွေးနွေးမှုတွင် မပါဝင်ကြောင်း အီရန်အရာရှိများက ငြင်းဆိုခဲ့ပြီး ၎င်း၏ ယူရေနီယံသန့်စင်ခွင့်ကို အသိအမှတ်ပြုစေလိုကြောင်း တေရန်က ပြောကြားခဲ့သည်။
“မည်သည့် ဆွေးနွေးပွဲမှာမဆို ပဲ့ထိန်းဒုံးကျည်တွေကို ကန့်သတ်တာနဲ့ အီရန်အပေါ် ပံ့ပိုးတာတွေ ရပ်တန့်တာ ပါဝင်ရမယ်လို့ ဝန်ကြီးချုပ်က ယုံကြည်ပါတယ်” ဟု မစ္စတာ နေတန်ယာဟု၏ ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။