ဖာပွန်ဗျုဟာကုန်းမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် စစ်ဗျူဟာအခြေချ (စဗခ - ၁) မှာ လေကြောင်း အဆက်မပြတ် တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက အချိိန်တနှစ်ကျော်ကြာ ပိတ်ဆို့ထားခဲ့တဲ့ ဖာပွန်ဗျူဟာကုန်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်လည် ဖြစ်ပွားလျက်ရှိကာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။
“ဖာပွန် စဗခ (၁)၊ ၄ မိုင်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာပါ။ Danger Zone လို့ ပြောလို့ရတယ်။ နှစ်ဖက် အကျဆုံးလည်း များနေတယ်။ အစိုးရတပ်က လေကြောင်းဖိအား ဆက်တိုက် သုံးနေတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ဖာပွန် ဗျူဟာကုန်း မပေးရရေးအတွက် လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ အပြင်းအထန် ခုခံတိုက်ခိုက်နေတာကြောင့် လက်နက်ကိုင်တပ်တွေဟာ ဗျူဟာကုန်း အနီးတဝိုက်ကိုသာ ချဉ်းကပ်နိုင်သေးတယ်လို့ ဆိုပါတယ်။
ဖာပွန်တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ အစိုးရ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေးချက်မှာတော့ ဖာပွန်မြို့ကို လာရောက် တိုက်ခိုက်ခဲ့တဲ့ KNU ပူးပေါင်းအဖွဲ့တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့တာမှာ KNU တပ်ဖွဲ့ဝင် ၂၄ ယောက် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၄ လက်နဲ့ ဒရုန်း တစီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသား ဖော်ပြထားပါတယ်။
ဖာပွန်ဗျူဟာကုန်းဟာ သဘာဝအကာအကွယ် ကောင်းမွန်တဲ့ မြေပြင်အနေအထားမှာ တည်ရှိနေတာဖြစ်သလို အစိုးရတပ်အနေနဲ့ အခိုင်အမာ ပြင်ဆင်ထားမှုတွေလည်း ရှိနေတာကြောင့် အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင်နိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
“တိုက်ပွဲ ပြင်းထန်လာလေလေ နှစ်ဖက်အကျအဆုံး များလေလေပဲ။ လေကြောင်း တိုက်ခိုက်တာကြောင့် တဖက်တပ်တွေလည်း တော်တော်အထိနာနေတယ်။ KNLA အဖွဲ့က ဖာပွန်တဝိုက် ပိတ်ဆို့ထားတဲ့ အခြေအနေဆိုတော့ အစိုးရတပ်အတွက် မြေပြင်စစ်ကူ အလွယ်တကူလာလို့ မရဘူး။ ဒါကြောင့် လေကြောင်း ဆက်တိုက် သုံးနေတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
KNLA ပူးပေါင်းတပ်တွေဟာ ဖာပွန်မြို့အပါအဝင် အစိုးရတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ - ၄၃၄)၊ ခြေလျင်တပ်ရင်း (ခလရ - ၁၉) နဲ့ စစ်ဝတ်တန်ဆာ စုဆောင်းရေးဌာန (စစန - ၆၄၂) တပ်စခန်းအပြင် စခန်းကုန်းတချို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအချိန်က ဖာပွန်ဗျူဟာကုန်း တခုကိုသာ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်ပြီး လက်ရှိမှာတော့ အပြီးသတ် ထိန်းချုပ်နိုင်ဖို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖာပွန်စစ်ဗျူဟာ အခြေချစခန်းကုန်းမှာ အစိုးရတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ - ၃၄၀၊ ၃၄၁) တပ်ရင်းအင်အားနှစ်ခုပေါင်း အခြေချနေတာဖြစ်ပြီး တပ်မဟာ (၅) နယ်မြေမှာ စစ်ရေးအရ အရေးပါတဲ့ စခန်းကြီးတခုဖြစ်တယ်လို့ သိရပါတယ်။

image