ပညာရေးမြှင့်တင်၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထားကို မြင့်မားလာအောင်ဆောင်ရွက်ရမည်

ပညာရေးမြှင့်တင်၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထားကို မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

နိုင်ငံတော် ယာယီသမ္မတမှ ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများအား ယနေ့ ဖေဖော်ဝါရီ ၆ ရက်ကတွေ့ဆုံစဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရန် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးဆောင်ရွက်ရန်၊ ကျောင်းတက်ရောက်နေသည့် ကလေးတိုင်းအမှန်တကယ်ပညာတတ်မြောက်အောင်သင်ကြားပေးရန်၊ ကျောင်းများကို စံကိုက်ကျောင်းများဖြစ်အောင်ဆောင်ရွက်ပေးမှသာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာကျောင်းတက်ပြီး ပညာသင်ကြားလိုစိတ်များရှိလာမည်ဖြစ်ကာ ဆရာ၊ ဆရာမများလည်း ယခုထက်အရည်အ သွေးမြင့်မားသည့် သင်ကြားမှုများဖြစ်စေရေးဆောင် ရွက်ရမည်ဟု ပြောသည်။

"သင်ကြားရေးပိုင်းဆိုင်ရာနည်းစနစ်တွေကို ခေတ်နဲ့လျော်ညီအောင်ဆောင်ရွက်ပေးရပါမယ်။ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက်လိုတဲ့စိတ်တွေရှိအောင်ဆောင်ရွက်ပေးရပါမယ်။ သင်ကြားရေးပိုင်းနဲ့ပတ်သက်ရင် တိုးတက်ကောင်းမွန်လာစေဖို့ အမြဲသုတေသနပြုဆောင်ရွက်နေရပါမယ်။ အခြေခံပညာစာသင်ကျောင်းတွေအားလုံး အဆင့်မြှင့်တင်နိုင်ဖို့အတွက် အချိန်ယူဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ပြင် ဘာသာစကားအခက်အခဲများ၊ အကြောင်းအမျိုးမျိုးကြောင့်ကျောင်းမတက်ရောက်ရသူများ၊ ပညာ ရေးလိုအပ်ချက်ရှိသည့် တိုင်းရင်းသားဒေသများ၌ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်ရန်၊ ကလေးငယ်များ ကျောင်းပျော်စေရေး Teaching Method များနှင့် ပတ်ဝန်းကျင်ကောင်းများဖော်ဆောင်ရန်၊ မြန်မာနိုင်ငံတွင် အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂ လိကကျောင်းများရှိရာ ပြည်သူအများစုသည် အစိုးရကျောင်းများတွင်တက်ရောက်ကြခြင်းဖြစ်၍ အစိုးရအခြေခံကျောင်းများ၏ ပညာရေးကောင်းမွန်အောင် ဆောင်ရွက်ရန် မှာကြားသည်။

" အခြေခံပညာကျောင်းတွေ ဥပဓိရုပ်ကောင်းမွန်ဖို့နဲ့ ပညာသင်ကြားမှုတွေအဆင်ပြေစေဖို့အတွက် မိမိတို့အ စိုးရတာဝန်ယူချိန်မှာ တတ်နိုင်သမျှဖြည့်ဆည်းပေးနေပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကောင်းမွန်ဖို့အတွက် ပညာရေးကိုအခြေခံကစပြီး ကောင်းမွန်အောင်ပြုပြင်ပြောင်းလဲမှုတွေနဲ့ အားပေးမှုတွေကိုမဖြစ်မနေဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ကလေးငယ်များ အတတ်ပညာများရရှိစေရန် နိုင်ငံတော်အပိုင်းမှတတ်နိုင်သမျှဖြည့်ဆည်းပေးလျက်ရှိကာ မိမိတို့အနေဖြင့် အနာဂတ်အတွက် ပညာရေးသစ်ပင်များကိုပြုစုစိုက်ပျိုးနိုင်မှသာ ငယ်စဉ်ကပင် ပညာရေးအခြေခံကောင်းခဲ့သော ကလေးငယ်များသည် မြင့်မားသည့်အတန်းပညာများကိုသင်ယူနိုင်မည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image