လူပိန်းအကြိုက် ပြောဆိုဝေဖန်တဲ့ ဘောလုံးဝေဖန်ရေးသမားများက လူငယ်များကို အနိုင်ကျင့်ဗိုလ်ကျလာမည်ကို စိုးရိမ်ကြောင်း ဗန်ဒိုက် သတိပေးလာ
===================
လီဗာပူးအသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်က ကစားသမားဟောင်းများရဲ့ လူငယ်ကစားသမားများအပေါ် ဝေဖန်မှုများက စိတ်ပိုင်းဆိုင်ရာပြဿနာကြုံလာစေတဲ့ အနိုင်ကျင့်ဗိုလ်ကျမှု ဖြစ်လာစေနိုင်ကြောင်း သတိပေး ပြောကြားလာပါတယ်။
လီဗာပူးအသင်းခေါင်းဆောင်က ၎င်းမှာ ရင့်ကျက်တဲ့သူတစ်ဦးဖြစ်နေမှုနှင့်အတူ ဝိန်းရွန်းနီ၊ ပေါလ်စခိုး၊ ဂယ်နဗီးလ်၊ နစ်ကီဘတ်၊ ရွိုင်ကိန်းတို့ကဲ့သို့ ပရီးမီးယားလိဂ်ဂန္ထဝင်များရဲ့ လူပိန်းအကြိုက် ဝေဖန်မှုများအပေါ် ခံနိုင်ရည်ရှိကြောင်း ဆိုသွားပါတယ်။
ဒါပေမယ့် အသက် ၃၄ နှစ်ရှိ ဗန်ဒိုက်ဟာ ယင်းကစားသမားဟောင်းများရဲ့ ကြမ်းတမ်းတဲ့ စကားလုံးများက လူငယ်ကစားသမားများအပေါ် အကြီးအကျယ်ရိုက်ခတ်လာမည်ကို စိုးရိမ်ကြောင်း ဆိုလာပါတယ်။
ဒတ်ချ်အသင်းခေါင်းဆောင်က "ပုဂ္ဂိုလ်ရေးအရ ပြောရရင် ဒါကို ကျွန်တော် ကိုင်တွယ်နိုင်တယ်။ ဒါပေမယ့် လာမယ့် မျိုးဆက်တွေအတွက် စိုးရိမ်တယ်။ ထိပ်တန်းကစားသမားဟောင်းတွေမှာ မျိုးဆက်သစ်တွေအတွက် တာဝန်ရှိတယ်လို့ ခံစားရတယ်။ ဝေဖန်တယ်ဆိုတာ သာမန်ဖြစ်စဉ်ပါ။ ပွဲရဲ့အစိတ်အပိုင်းပါ။ ပြီးတော့ ဒါက ထားခဲ့ရမယ့်အရာပါ။ ဒါပေမယ့် တခါတလေ ဝေဖန်တာက လူပိန်းအကြိုက်လည်း ဖြစ်နေတတ်တယ်။ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်ကို မစဉ်းမစားဘဲ လှုံဆော်ဖက်ဖို့ သက်သက် ပြောတာနဲ့တူနေတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာမှာပဲ ရှိနေတဲ့ လူငယ်မျိုးဆက်တွေအတွက်ပေါ့"လို့ ဂယ်ရီနဗီးလ်နှင့် ပြုလုပ်တဲ့ အင်တာဗျူးတွင် ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့လတုန်းက မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ နစ်ကီဘတ်က အရပ် ၆ ပေ၊ ၅ လက်မရှိ အာလင်းဟာလန်းမှာ အရပ် ၅ ပေ၊ ၉ လက်မသာ ရှိတဲ့ မာတီနက်ဇ်အား ကလေးတစ်ယောက်လို ဆက်ဆံသွားလိမ့်မယ်လို့ ပြောဆိုသွားခဲ့ဖူးပါတယ်။
ဒါ့အပြင် ပေါလ်စခိုးကလည်း ယင်းပွဲမတိုင်မီ ဟာလန်းက ဂိုးသွင်းလာမည်ဖြစ်ပြီး မာတီနက်ဇ်ကို ဂိုးပိုက်ထဲသို့ ပစ်သွင်းလာမယ်လို့ ဆိုသွားခဲ့ဖူးပါတယ်။