နယူးကာဆယ်မှ ထွက်ခွာလာနိုင်ကြောင်း အတည်ပြုလာတဲ့ အာဆင်နယ်နှင့် ချဲလ်ဆီးပစ်မှတ် တိုနာလီ
====================
ဆန်ဒရိုတိုနာလီရဲ့အေးဂျင့်က အီတလီကွင်းလယ်ကစားသမားမှာ နွေရာသီတွင် နယူးကာဆယ်နှင့် အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးလာမှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
အသက် ၂၅ နှစ်ရှိ ပေါင်သန်း ၁၀၀ တန် ကွင်းလယ်ကစားသမားဟာ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီးအပြင် အီတလီကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရသူ ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်ပြီး ကောလာဟလများ ထွက်ပေါ်နေပါတယ်။
တိုနာလီဟာ အီတီဟတ်တွင် မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၇ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိနေတဲ့ အသင်းရဲ့ အခြေအနေအပေါ် စိတ်ပျက်နေခဲ့ပါတယ်။
သူဟာ အီတီဟတ်ပွဲအပြီးတွင် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာနှင့် စကားပြောဆိုခဲ့ပြီးနောက် အထက်ပါသတင်းများ ထွက်လာတာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာ ယခုအပတ်တွင် တိုနာလီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောဆိုသွားပါတယ်။
ယခုအခါ အီတလီသတင်းစာ Tuttosport နှင့် ပြုလုပ်လာတဲ့ အင်တာဗျူးတွင် တိုနာလီရဲ့အေးဂျင့်ရီဆိုက "နယူးကာဆယ်က ဆန်ဒရိုကို လက်လွှတ်ဖို့ ခက်ခဲတယ်။ သူကလည်း ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ပေးချင်တယ်။ အပြောင်းအရွှေ့ဆွေးနွေးမှုကတော့ နောက်ပိုင်းမှာ ပြုလုပ်လာပါမယ်။ ရာသီအကုန်ကျရင် ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ပြီးတော့မှ ဘာလုပ်မလဲ ဆုံးဖြတ်မယ်။ အခု ဘာမှ အစီအစဉ် မရှိပါဘူး။ ပြောဖို့ စောသေးတယ်။ ကျွန်တော်တို့ ဒီနေ့ ပြောတာကလည်း မနက်ဖြန် မကျုံးမဝင်ပါဘူး။ နယူးကာဆယ်က အခု သူ့ကို လက်မလွတ်နိုင်ဘူး။ ပြောရမယ့် အခြေအနေလည်း မရှိဘူး။ အထူသဖြင့် ဆန်ဒရိုက ဒီကလပ်အပေါ် အရမ်းတွယ်တာတယ်။ နွေကျမှပဲ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်"လို့ ပြောကြားသွားပါတယ်။
တိုနာလီဟာ ၂၀၂၃ ခုနှစ်တွင် အေစီမီလန်မှ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေကာ ၂၀၂၉ အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
တိုနာလီဟာ လောင်းကစားလုပ်မှုကြောင့် ပွဲပယ်ခံထားရစဉ်အတွင်း သူ့ကို အပြည့်အဝအကူအညီပေးတဲ့ နယူးကာဆယ်အပေါ်တွင်လည်း အထူးကျေးဇူးတင်နေတဲ့သူလည်း ဖြစ်ပါတယ်။