တရုတ် နှစ်သစ်ကူး အထိမ်းအမှတ် ယဥ်ကျေးမှုဖျော်ဖြေပွဲ ရန်ကုန်မြို့တွင် ကျင်းပ
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောတက်ရောက်အားပေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲ အခမ်းအနားကို ယမန်နေ့(ဖေဖေါ်ဝါရီ ၅ရက်) ညပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကိုအခြေခံ၍ ကဏ္ဍစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ တွေ့ဆုံရာတွင်လည်း ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ma Jia က တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နှစ်သစ်ကူးအထိမ်း အမှတ်ဖျော်ဖြေပွဲ အခမ်းအနားကျင်းပခြင်း ရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံပြည်သူများအတွက် ဆုမွန်ကောင်း စကားများပြောကြားခဲ့ကြောင်း သိရသည်။