မိုင်းရယ် ငွေလိမ်ဂိုဏ်း ဖမ်းဆီးချိန်မှာ အစိုးရတပ်ကို "ဝ" တပ်က ကူညီ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုက်ပုကျေးရွာအတွင်းမှာ အခုလ ၃ ရက်နေ့ မနက်က တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ငွေလိမ်ဂိုဏ်းကို အစိုးရတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား အယောက် ၃၃၀ ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းမိတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ မိုင်းရယ်မြို့မှာ စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“ဖမ်းမိတာ အများကြီးပဲ၊ သတင်းရလို့ ဝိုင်းပြီး ဖမ်းကြတာ။ အခု မိုင်းရယ်မှာ စစ်နေတယ်” လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
မိုင်းရယ်မြို့နယ်ထဲမှာ ငွေလိမ်ဂိုဏ်းတွေ စခန်းချနေတာ လနဲ့ချီ ရှိနေပြီ ဖြစ်ပြီး ဒေသခံတွေ သတင်းပေးတာကြောင့် အစိုးရတပ်က ဝေဟင်ကနေ ကင်းထောက် စုံစမ်းတာတွေလုပ်ပြီး ဝင်ဖမ်းခဲ့တာလို့ အစိုးရဘက်က သတင်းထုတ် ပြန်ပါတယ်။
ဖမ်းဆီးမှုအတွင်းမှာ တရုတ်နိုင်ငံသား အမျိုးသမီး ကိုးယောက်၊ အမျိုးသား ၃၂၁ ယောက် စုစုပေါင်း ၃၃၀ ယောက်ကို ငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ အစိုးရဘက်က ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသားတွေကို ဝင်ရောက် ဖမ်းဆီးချိန်မှာ “ဝ” တပ်ဖွဲ့ကလည်း ပူးပေါင်းကူညီခဲ့တယ်လို့ “ဝ” သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း ကျောက်မဲနဲ့ သီပေါမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ငွေလိမ်ဂိုဏ်းတွေကို အစိုးရတပ်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ငွေလိမ်ဂိုဏ်းတွေ ဖမ်းဆီးရမိတဲ့ မိုင်းရယ်နဲ့ သီပေါမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ လအတွင်းက မူးယစ်ဆေးချက်တဲ့ စက်ရုံတွေကိုလည်း အစိုးရတပ်က ဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဒီလို ဖမ်းဆီးရမိမှုတွေအတွက် နောက်ကွယ်ကနေ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။