မတ်လတွင်ယူအက်စ်နှင့် အိန္ဒိယကုန်သွယ်ရေး သဘောတူစာချုပ်မည်
အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကြာမြင့်စွာစောင့်စားခဲ့ရသော တရားဝင်ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို မတ်လတွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားပြီး ထို့နောက်တွင် နူးဒေလီသည် အမေရိကန်ကုန်စည်များအပေါ် အခွန်လျှော့ကောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီး ပီယပ်ရှ် ဂိုယေးလ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
၎င်းတို့သည် နောက်လေးရက်မှ ငါးရက်အတွင်း ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်သွားမည်ဖြစ်ကာ ဝါရှင်တန်အနေဖြင့် အိန္ဒိယပို့ကုန်များအပေါ် အခွန်ကောက်ခံမှုကို ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် ထုတ်ဖော်ကြေညာပြီးနောက်ပိုင်း သဘောတူညီချက်ကို အတည်ပြုရန် တရားဝင်အချိန်ဇယားကို ပထမဆုံးအကြိမ် ချပြလာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယနှင့် ကုန်သွယ်ရေး သဘောတူညီချက်အကြောင်း ရုတ်တရက်ကြေညာခဲ့ရာ၌ အိန္ဒိယသည် ရုရှားရေနံဝယ်ယူခြင်းကို ရပ်တန့်ရမည်ဖြစ်ကာ ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချပေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အိန္ဒိယကုန်ပစ္စည်းများအပေါ် အမေရိက၏ အခွန်ကောက်ခံမှုများ လျှော့ချရမည်ဖြစ်သည်။
အိန္ဒိယသည် လာမည့်ငါးနှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင်စုမှ အနည်းဆုံး ဒေါ်လာ ၅၀၀ ဘီလျံတန်ဖိုးရှိ စွမ်းအင်၊ လေယာဉ်နှင့် ချစ်ပ်များအပါအဝင် အခြားဝယ်ယူမှုများကို တင်သွင်းရမည်ဖြစ်ကြောင်း မစ္စတာ ဂိုယေးလ်က ပြောကြားခဲ့သည်။
ဘိုးရင်းကဲ့သို့ လေယာဉ်ထုတ်လုပ်သော ကုမ္ပဏီများမှ မှာယူမှုများသည် ဒေါ်လာ ၇၀ ဘီလျံမှ ၈၀ ဘီလျံအထိ ရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"အင်ဂျင်တွေပါ ထည့် တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံကျော်လောက် ရှိနိုင်ပါတယ် ဟု မစ္စတာ ဂိုယေးလ်က ပြောကြားခဲ့သည်။