ထိုင်ဝမ်အရေး၊ ပဲပုပ်ရောင်းဝယ်ရေးကို ထရမ့်ပ်နှင့် ရှီ ဖုန်းဆက်ဆွေးနွေး
ထိုင်ဝမ်ကို လက်နက်ရောင်းချပေးမှုနှင့်ပတ်သက်၍ ပေကျင်းက ဝါရှင်တန်ကို သတိပေးထားသည့်တိုင် ဗုဒ္ဓဟူးနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အလွန်အပြုသဘောဆောင်သော စကားများကို ပြောခဲ့သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ပြုခဲ့ပြီး တရုတ်သည် အမေရိကန်ထွက် ပဲပုပ်များကို ပိုမိုဝယ်ယူရန် စဉ်းစားနေကြောင်း ဆိုခဲ့သည်။
ထရမ့်ပ် သည် ပေကျင်းသို့ အလည်အပတ်သွားမည့် ခရီးစဉ်မတိုင်မီ နှစ်လအလိုတွင် စိတ်သဘောထားကောင်း ကို ပြသမှုအဖြစ် ရှီသည် လက်ရှိရာသီတွင် အမေရိကန်ပြည်ထောင်စုထံမှ ပဲပုပ်ဝယ်ယူမှုကို ယခင် ၁၂ သန်းမှ သန်း ၂၀ အထိ တိုးမြှင့်ဝယ်ယူရန် စဉ်းစားလိမ့်မည်ဖြစ်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။
ရှီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အွန်လိုင်းမှတဆင့် ဆွေးနွေးမှုအပြီး နာရီပိုင်းအကြာတွင် ရှီနှင့် ထရမ့်ပ်တို့သည် ထိုင်ဝမ်အရေးနှင့် ကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံအကြား တင်းမာမှု၏ အရင်းအမြစ်ဖြစ်နေဆဲဖြစ်သည့် ကုန်သွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။
ထရမ့်ပ်က ရှီနှင့် ၎င်း၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြောင်း၊ ဖုန်းပြောဆိုမှုသည် အလွန်အပြုသဘောဆောင်ကြောင်းနှင့် ထိုအခြေအနေကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်းကို မိမိတို့ နှစ်ဦးစလုံး သဘောပေါက်ကြကြောင်း ပြောကြားခဲ့သည်။ ရှီက တရုတ်-အမေရိကန်ဆက်ဆံရေးကို သူ အလွန်အလေးထားပါကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ၏ တရားဝင်အကောင့်တစ်ခုတွင် ဖော်ပြခဲ့သည်။
ထရမ့်ပ်က ကနေဒါမှသည် ဂရင်းလန်းနှင့် ဗင်နီဇွဲလားအထိ တင်းမာသော မူဝါဒခြေလှမ်းများစွာအတွက် တရုတ်နိုင်ငံကို အကြောင်းပြချက်အဖြစ် သတ်မှတ်ခဲ့သော်လည်း အခွန်ကောက်ခံမှု၊ အဆင်မြင့်ကွန်ပျူတာချစ်ပ်များနှင့် ဒရုန်းများအထိ အဓိကနယ်ပယ်များတွင်မူ ပြီးခဲ့သောလအနည်းငယ်အတွင်း ပေကျင်းအပေါ် မူဝါဒကို ဖြေလျှော့ပေးခဲ့သည်။
အမေရိက-တရုတ်ဆက်ဆံရေးတွင် တည်ငြိမ်မှုကို ထိန်းသိမ်းလိုကြောင်းကို နှစ်ဖက်စလုံးက ပြသနေကြသည် ဟု အတွေးအခေါ်အဖွဲ့တစ်ခုဖြစ်သည့် German Marshall Fund ၏ အင်ဒို-ပစိဖိတ်အစီအစဉ်ဆိုင်ရာ အကြီးအကဲ ဘွန်နီ ဂလက်ဆာက ပြောကြားခဲ့သည်။