ထိုင်းနယ်စပ်ပဋိပက္ခဖြေရှင်းနိုင်ရန်သမိုင်းကြောင်းအထောက်အထားများပေးဖို့ပြင်သစ်ကိုကမ္ဘောဒီးယားတောင်းဆို

၂၀၂၅ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် လက်နက်ကိုင်ပဋိပက္ခအဖြစ်သို့ ရောက်ရှိသွားခဲ့သည့် ထိုင်းနိုင်ငံနှင့် ကာလကြာရှည်စွာ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် သမိုင်း အထောက်အထားစာရွက်စာတမ်းများ ကိုပေးရန် ပြင်သစ်နိုင်ငံကို ဝန်ကြီးချုပ် ဟွန်မာနက်က တောင်းဆိုခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
မစ္စတာ ဟွန်မာနက်သည် ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မေခရွန်ထံ စာရေးသားခဲ့ကာ နယ်စပ်နှင့် ဆက်စပ်သော ပြင်သစ်နိုင်ငံရှိ သမိုင်းနှင့် နည်းပညာဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုခွင့်ရရန် တောင်းဆိုခဲ့ပြီး ပြင်သစ်ထံမှ ကျွမ်းကျင်မှုနှင့် အကြံပေးမှုတို့အတွက် ကြိုဆိုခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၄ ရက် ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားကို ကိုလိုနီပြုထားသည့် ပြင်သစ်က ၈၁၇ ကီလိုမီတာရှည်လျားသော နယ်စပ်ကို ၁၉၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ် မြေပုံရေးဆွဲခဲ့ပြီး သဘာဝရေဝေရေလဲဒေသကို အခြေခံကာ ထိုင်းနှင့် ကမ္ဘောဒီးယားကို ပိုင်းခြားခဲ့သည်။
အငြင်းပွားနယ်မြေများတွင် ထိုင်းများက ခေါင်ဖရာဝိဟာရဟု သိကြသော ၁၁ ရာစု ဟိန္ဒူဘုရားကျောင်း ပရာ့ဝိဟာရ အပါအဝင် ကျော်ကြားသော သမိုင်းဝင်နေရာများပါဝင်သည်။
ယခုတောင်းဆိုချက်နှင့် ပတ်သက်၍ ကမ္ဘောဒီးယားရှိ ပြင်သစ်သံရုံးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို မှတ်ချက်ပေးရန် သီးခြားစီတောင်းဆိုခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ခဲ့ခြင်းမရှိပေ။
ကာလရှည်ကြာစွာတည်ရှိနေသော အငြင်းပွားမှုကို ဖြေရှင်းရာတွင် ပြင်သစ်နိုင်ငံ၏ အပြုသဘောဆောင်သော ပါဝင်ဆောင်ရွက်မှုကို ကမ္ဘောဒီးယားက ကြိုဆိုပါကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကူညီလိုသည့်ဆန္ဒရှိကြောင်းကို ယခင်က အစည်းအဝေးများအတွင်း မစ္စတာ မေခရွန်က ဖော်ပြခဲ့ဖူးသည်ဟု မစ္စတာ ဟွန်မာနက်က ပြောကြားခဲ့သည်။

image