ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးများခေါ်ယူကျင်းပနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ကပါဝင်ဆောင်ရွက်ပေးသွားမည်
ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးများခေါ်ယူကျင်းပနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ကပါဝင်ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ ယနေ့ ဖေဖော်ဝါရီ ၆ နံနက်ပိုင်းက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော်ကိုမကြာမှီခေါ်ယူကျင်းပမည်ဖြစ် ၍ ပြည်နယ်လွှတ်တော်ဆိုင်ရာလုပ်ငန်းများအလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းကူညီရန်၊ ရခိုင်ပြည်နယ်လွှတ်တော် အင်္ဂါရပ်တင့်တယ်လှပစေရေး အဆောက်အဦးများ၊ အသုံးအဆောင်များကိုအချိန်မှိီပြင်ဆင်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် မကြာမှီပေါ်ထွက်လာမည့် ပြည်နယ်လွှတ်တော်အတွက် ရုပ်ပိုင်းဆိုင်ရာများကောင်းမွန်ရေးအပြင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အစည်းအဝေးများခေါ်ယူကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ် တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စေတနာထားပြီးပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးမစတင်မှီ ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦးအကြီးစားပြုပြင်ပြီးစီးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။