အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အတွင်းပိုင်း အကွဲအပြဲ ဖြစ်ပြီးနောက် ၁၅ နှစ်ကြာ ကိုင်တွယ်လာတဲ့ ဆီမြွန်နီကို ထုတ်ပယ်ရန် အက်သလက်တီကို စဉ်းစားနေ
====================
အက်သလက်တီကိုမက်ဒရစ်ဟာ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ကလပ်အတွင်းပိုင်းတွင် အကြီးအကျယ် သဘောထားကွဲလွဲမှု ဖြစ်ပြီးနောက် အသင်းကို ကာလရှည်ကြာ ကိုင်တွယ်လာတဲ့ ဒီယေဂိုဆီမြွန်နီအား ထုတ်ပယ်ရန် အလေးအနက်ထား စဉ်းစားနေပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ အက်သလက်တီကိုအား ၁၅ နှစ်နီးပါး ကိုင်တွယ်လာသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အားကစားဒါရိုက်တာသစ်မာတူးအလီမင်းနီနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိနေကြောင်း Diario Sport က ဖော်ပြလာပါတယ်။
ဆီမြွန်နီနှင့် အလီမင်းနီတို့အကြားတွင် ဆောင်းရာသီ အပြောင်းအရွှေ့ ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
အလီမင်းနီဟာ အက်သလက်တီကိုရဲ့ ဘောလုံးဒါရိုက်တာအဖြစ် ၄ လကြာ တာဝန်ထမ်းဆောင်ပြီးချိန်တွင် ဆီမြွန်နီနှင့် ထိပ်တိုက်တွေ့လာတာလည်း ဖြစ်ပါတယ်။
၎င်းတို့အကြား သဘောထားကွဲလွဲကာ ဆက်ဆံရေး တင်းမာမှု ဖြစ်ပြီးနောက် ဆီမြွန်နီရဲ့ အနာဂတ်မှာ မေးခွန်းထုတ်စရာဖြစ်နေတဲ့အခြေအနေသို့ ရောက်လာတာပါ။
အလီမင်းနီဟာ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ ဘာစီလိုနာတွင် ဘောလုံးဒါရိုက်တာအဖြစ် ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။
တဖက်တွင် အက်သလက်တီကိုတာဝန်ရှိသူများကလည်း ကလပ်ကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်နေတယ်လို့ ယုံကြည်နေကာ ဆီမြွန်နီမှာ လာမယ့်ရာသီအထိ အသင်းတွင် ဆက်ရှိရန် မရေမရာ ဖြစ်လာပါတယ်။
ယခု အက်သလက်တီကိုအတွင်းပြဿနာမှာ ပုဂ္ဂိုလ်ရေးပြဿနာအပြင် ဘောလုံးအကြောင်းပြချက်များလည်း ရှိနေပါတယ်။
ဆီမြွန်နီဟာ မျက်မှောက်ဘောလုံးခေတ်တွင် အက်သလက်တီကိုရဲ့အအောင်မြင်ဆုံးနည်းပြဖြစ်ပေမယ့်လည်း နောက်ပိုင်းတွင် ရလဒ်ယိမ်းယိုင်လာမှုကြောင့် အနာဂတ်အား မေးခွန်းထုတ်ခြင်းခံလာရတာပါ။
သူဟာ အက်သလက်ကိုအား ယူရိုပါလိဂ်ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၁ ကြိမ် ရယူပေးထားပါတယ်။
တဖက်တွင် အက်သလက်တီကိုအနေဖြင့် ဆီမြွန်နီအား ထုတ်ပယ်လာမည်ဆိုပါက တစ်နှစ်ကျန်စာချုပ်အတွက် နစ်နာကြေး ယူရို ၁၃ သန်းပေးလာရပါမယ်။
ဘောလုံးဒါရိုက်တာအလီမင်းနီမှာလည်း ဆီမြွန်နီအား ထုတ်ပယ်ပြီးပါက တိုးတက်တဲ့ ဘောလုံးကစားဟန်အသုံးပြုနေတဲ့ ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာအား ခန့်အပ်ရန်လည်း လျာထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

image