Al-Nassr အတွက် မကစားဘဲ သပိတ်မှောက်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား ဆော်ဒီပရိုလိဂ် အပြင်းအထန် သတိပေးပြောကြားလာ
====================
ဆော်ဒီပရိုလိဂ်က Al-Nassr တွင် အနာဂတ် မရေမရာ ဖြစ်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား မည်မျှ အရေးပါသူ ဖြစ်ပါစေ ကိုယ်ပိုင်ကလပ်ထက် ကျော်ပြီး ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ခွင့် မရှိကြောင်း အပြင်းအထန် သတိပေးပြောကြားလာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီစူပါစတားဟာ ကလပ်ပိုင်ရှင်ရဲ့ အသင်းအပေါ် ထောက်ပံ့မှုများအပေါ် ဒေါသထွက်ကာ တနင်္လာနေ့တုန်းက Al-Riyadh နှင့် ဆော်ဒီပရိုလိဂ်ပွဲအား ပါဝင်ကစားရန် ငြင်းကာ သပိတ်မှောက်ခဲ့ပါတယ်။
A Bola ရဲ့ ဖော်ပြမှုအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Nassr ပိုင်ရှင် Public Investment Fund (PIF) ဘက်က ဘက်လိုက် ထောက်ပံ့ပေးမှုများ ပြုလုပ်နေမှုအပေါ် အကြီးအကျယ် ဒေါသထွက်ကာ ကလပ်အတွက် မကစားဘဲ သပိတ်မှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အထူးသဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုအပတ်အစောပိုင်းတုန်းက Al‑Ittihad ဘက်က ကာရမ်ဘန်ဇီးမားကို စာချုပ်ဖျက်သိမ်းပြီး အဓိကပြိုင်ဘက် Al-Hilal သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခွင့်ပြုလိုက်မှုအပေါ် ဒေါသထွက်ခဲ့ပါတယ်။
Al-Nassr ၊ Al-Hilal ၊ Al‑Ittihad နှင့် Al-Ahli တို့ကို PIF က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားဟာ Al-Hilal အတွက် ပထမဆုံးကစားတဲ့ Al-Okhdood အား ၆-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။
Al-Nassr နှင့် Al-Hilal တို့က ဆော်ဒီရဲ့ အအောင်မြင်ဆုံးကလပ်နှစ်ခုလည်း ဖြစ်ပါတယ်။
တဖက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် နည်းပြဂျောဂျီးဆပ်စ်က ကစားသမားများ ဝယ်ယူအားဖြည့်ပေးရန် တောင်းဆိုခဲ့ပေမယ့်လည်း အသက် ၂၁ နှစ်ရှိ အီရတ်အလယ်တန်းကစားသမားတစ်ဦးတည်းကိုသာ အားဖြည့်ပေးတဲ့ PIF ရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ တနင်္လာနေ့တုန်းကပွဲတွင် ပါဝင်မကစားဘဲ သပိတ်မှောက်ခဲ့ပေမယ့် Al-Nassr နှင့်အတူ လေ့ကျင့်ခန်းဆင်းနေတုန်း ဖြစ်ပြီး ယနေ့ည Al‑Ittihad နှင့်ပွဲတွင် ပါဝင်ကစားရန် မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ယခုအခါ ဆော်ဒီပရိုလိဂ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဆော်ဒီပရိုလိဂ်က ကလပ်တိုင်း တူညီတဲ့ စည်းမျဉ်းအောက်မှာ အလုပ်လုပ်ရမယ့် ရိုးရှင်းတဲ့ ပင်မနှင့် တည်ဆောက်ထားတာပါ။ ကလပ်တိုင်းမှာ ကိုယ်ပိုင်ဘုတ်အဖွဲ့၊ အမှုဆောင်အဖွဲ့နဲ့ ကိုယ်ပိုင်ဘောလုံးခေါင်းဆောင်တွေ ရှိပါတယ်။ ကစားသမားအားဖြည့်မှု၊ ငွေသုံးစွဲမှု၊ ဗျူဟာတွေကိုလည်း ရေရှည်တည်တန့်ရေး၊ ပြိုင်ပွဲဟန်ချက်ညီရေးအတွက် ဘဏ္ဍာရေးမူဘောင်တွေနဲ့ လုပ်လုပ်တယ်။ ဒီမူဘောင်က လိဂ်တစ်ခုလုံးအပေါ် တူညီစွာ သက်ရောက်ပါတယ်။ ခရစ္စတီယာနိုက Al Nassr သို့ ရောက်ကတည်းက အသင်းနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ကလပ်ရဲ့ ကြီးထွားရေးနဲ့ ရည်မှန်းချက်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဆက်လက်ပြီး ၎င်းက " အခြားထိပ်တန်းပြိုင်ဆိုင်သူတွေလိုပဲ သူလည်း အောင်နိုင်ချင်တယ်။ ဒါပေမယ့် တကိုယ်တော် လုပ်လို့ မရပါဘူး။ ဘယ်လောက်ပဲ အရေးပါပါစေ ကိုယ်ပိုင်ကလပ်ရဲ့ ဆုံးဖြတ်ချက်တွေကပဲ အရေးအကြီးဆုံးပါ"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်တွင် Al Nassr သို့ ဘောလုံးသမိုင်းတွင် လုပ်ခအများဆုံးကစားသမားအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၁၇၇ သန်းဖြင့် ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ Al-Nassr နှင့်အတူ Arab Club Champions Cup တစ်လုံးတည်းသာ ရယူထားနိုင်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ် ဇွန်လတုန်းက Al-Nassr နှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။