ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းသူ ထောင်တစ်သက်အပြင် အပိုဆောင်း ထောင်ဒဏ် ၇ နှစ်ပါ အပြစ်ပေးခံရ

ဖလော်ရီဒါပြည်နယ်၊ West Palm Beach ရှိ ဂေါက်သီးရိုက်ကလပ်တွင် ထိုစဉ်က ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြင့် တရားခံ Ryan Wesley Routh ကို ထောင်ဒဏ်တစ်သက်နှင့် အပြင် အပိုဆောင်း ထောင်ဒဏ် ၇ နှစ် ပါ ကျခံစေရန် အမိန့်ကို ယမန်နေ့ ဗုဒ္ဓဟူးနေ့ကချမှတ်လိုက်သည်။
အသက် ၅၉ နှစ်အရွယ်ရှိ Routh ကို သမ္မတရွေးကောက်ပွဲ ကမ်ပိန်းကာလအတွင်း သမ္မတဟောင်းတစ်ဦးအား လုပ်ကြံရန် ကြိုးပမ်းမှု အပါအဝင် ဖက်ဒရယ်ပြစ်မှု ၅ ခုဖြင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖလော်ရီဒါ ဂျူရီလူကြီးများက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တရားလိုဘက်မှ တင်ပြချက်အရ Routh သည် ဒေါ်နယ်ထရမ့် ဂေါက်သီးရိုက်နေစဉ် ချုံပုတ်များကြားမှ ရိုင်ဖယ်သေနတ်ဖြင့် ချိန်ရွယ်ခြင်းမပြုမီ ထရမ့်ကို သတ်ဖြတ်ရန် ရက်သတ္တပတ်ပေါင်းများစွာ ကြိုတင်ကြံစည်ခဲ့ကြောင်း သိရသည်။ သို့သော် Routh သည် သေနတ်ဖြင့် တစ်ချက်မျှ ပစ်ခတ်ခွင့်မရခဲ့ပေ။
ယခုလုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် ထရမ့်၏ လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ခဲ့သည်။ လွှတ်တော်ကလည်း ဒရုန်းများ နှင့် အဆင့်မြင့် စောင့်ကြည့်ရေးနည်းပညာများကို ပိုမိုအသုံးပြု၍ လုံခြုံရေး အားကောင်းစေမည့် ဥပဒေကြမ်းများကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာချိန်မှစ၍ ထရမ့်သည် အမြင့်ဆုံးအဆင့် လုံခြုံရေးကို ပြန်လည်ရရှိခဲ့သည်။ ၎င်းမှာ "ပိုမိုအန္တရာယ်များပြီး ခန့်မှန်းရခက်သည့် ခြိမ်းခြောက်မှုပတ်ဝန်းကျင်" ကို ဖြေရှင်းရန် လိုအပ်သောကြောင့်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။
တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖလော်ရီဒါတောင်ပိုင်းခရိုင် အစိုးရရှေ့နေ Jason A. Reding Quiñones က “ဒီတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဟာ အခြေခံကျတဲ့ အမှန်တရားတစ်ခုကို ထင်ဟပ်နေပါတယ်၊ အဲဒါကတော့ နိုင်ငံရေးအကြမ်းဖက်မှုဆိုတာ အမေရိကန်လူမျိုးတွေရဲ့ စံနှုန်းမဟုတ်သလို ဘယ်တော့မှလည်း လက်ခံမှာမဟုတ်ဘူးဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။
သူက ဆက်လက်၍ “သမ္မတလောင်းတစ်ဦးကို လုပ်ကြံရန် ကြိုးပမ်းခြင်းသည် ကျွန်ုပ်တို့၏ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ ဤလုပ်ကြံရန် ကြိုးပမ်းမှုကို လုံခြုံရေးအဖွဲ့မှ အထူးကိုယ်စားလှယ် Robert Fercano ၏ သတ္တိနှင့် ကျွမ်းကျင်မှုတို့ဖြင့် တားဆီးနိုင်ခဲ့သည်။ ၎င်း၏ ပြတ်သားသော လုပ်ဆောင်ချက်များက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး နိုင်ငံတော်အဆင့် ကြေကွဲဖွယ်ဖြစ်ရပ်ကိုလည်း ကာကွယ်နိုင်ခဲ့သည်။ ယနေ့ ချမှတ်လိုက်သည့် ထောင်ဒဏ်တစ်သက် အမိန့်သည် တရားခံအနေဖြင့် ပြည်သူ့လုံခြုံရေးကို နောက်နောင် မည်သည့်အခါမျှ ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ကြောင်း သေချာစေသလို၊ မိမိတို့၏ ယုံကြည်ချက်အတွက် အကြမ်းဖက်မှုကို ရွေးချယ်သူများသည် ပြတ်သားပြီး မလွဲမသွေသော တရားစီရင်မှုကို ရင်ဆိုင်ရမည်ဆိုသည့် ရှင်းလင်းသောသတင်းစကားကိုလည်း ပေးလိုက်ခြင်းဖြစ်သည်” ဟု ဆိုသည်။

image