“ဝ” နယ်မြေတွင် မူးယစ်ဆေး တစ်တန်ခွဲကျော် ဖမ်းမိပြီး တရုတ်သို့ လွှဲပြောင်း
----------------------------
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း မူးယစ်ဆေးဝါး တစ်တန်ခွဲကျော် သယ်ဆောင်လာတဲ့ ကားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး တရုတ်ဘက်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ UWSA က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တရုတ်ဘက်က ပေးပို့တဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံပြီး စုံစမ်းထောက်လှမ်းကာ ဖမ်းဆီးခဲ့တာ ဖြစ် တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အိုက်စ် ၁၆၂၂ ဒသမ ၉ ကီလိုဂရမ် (စုစုပေါင်း ၅၆ အိတ်) နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း နှစ်မျိုးတို့ကို ဖေဖော်ဝါရီ ၂ ရက်မှာ “ဝ” - တရုတ် နယ်စပ် ယုံးဟော် နယ်စပ်ဂိတ်မှာ တရုတ်ဘက်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်းက တစ်ဆင့် နယ်စပ်ဖြတ်ကျော်သယ် ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး “ဝ” ဘက်က ကြားဖြတ်ဟန့်တားကာ ဖမ်းဆီးခဲ့နိုင်ခဲ့သလို ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဝ” တရားစီရင်ရေး ကော်မတီအနေနဲ့ မူးယစ်ဆေးဝါးကို လူ့အဖွဲ့အစည်းရဲ့ အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ပြီး နယ်စပ်ဒေသ သတင်းအချက်အလက်ဖလှယ်တာနဲ့ ပူးပေါင်းစစ်ဆေးတာတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။