ဂရိကမ်းလွန်ရေပြင်တွင် ရေယာဉ်တိုက်မိ ၁၄ ဦးသေဆုံး
-------------------------
တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တင်ဆောင်လာတဲ့ မော်တော်ဘုတ်တစ်စီးနဲ့ ဂရိ ကမ်းခြေစောင့်တပ် ရေယာဉ်တို့ တိုက်မိခဲ့ရာမှာ ရွှေ့ပြောင်း အခြေချသူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ CNBC သတင်းမှာဖော်ပြထားပါတယ်။
ဂရိပိုင် ချီယော့စ်ကျွန်းရဲ့ ကမ်းလွန်ရေပြင်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ရေယာဉ်နှစ်စီး တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့မော်တော်ဘုတ်ကို ကမ်းခြေစောင့် ရေယာဉ်က အပူတပြင်း လိုက်လံ ဖမ်းဆီးခဲ့လို့ မော်တော်ဘုတ်က ရှောင်တိမ်းကွေ့ဝိုက်မောင်းနှင်ခဲ့တာလို့ ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
အဲ့ဒီနောက် မော်တော်ဘုတ်က အရှိန်မထိန်းနိုင်ဘဲ ကမ်းခြေစောင့်တပ် ရေယာဉ်ကို တည့်တည့် ဝင်တိုက်ခဲ့ပြီး ထိခိုက်သေကြေမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဗရွန်တာဒက်စ် ကျေးရွာနားက ရေပြင်မှာ ကြုံတွေ့ခဲ့တဲ့ အဲ့ဒီဖြစ်ရပ်အပြီး လူပေါင်း ၂၄ ဦးကို ဂရိ အာဏာပိုင်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေလည်း ပါဝင်ခဲ့ပါတယ်။ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကမ်းခြေစောင့်တပ်က မထုတ်ပြန်သေးပါဘူး။

image